သားဖြစ်သူကို ဒေါ်နယ်ထရမ့်လို့ နာမည်ပေးထားမိလို့ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့ အာဖဂန်မိသားစု

သားဖြစ်သူကို ဒေါ်နယ်ထရမ့်လို့ နာမည်ပေးထားမိလို့ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့ အာဖဂန်မိသားစု

မတ် ၃၁ ။            ။ အာဖဂန်နစ္စတန် ကဘူးလ်မြို့မှာ နေထိုင်တဲ့ ဆေယက်ဒ် အက်ဆာဒူလာ ပူယာနဲ့ ဇနီးဖြစ်သူ ဂျမီလာတို့ကတော့ သူတို့ရဲ့ တတိယမြောက်သားဖြစ်သူကို ဒေါ်နယ်ထရမ့်ဆိုပြီး နာမည်ပေးထားကြပါတယ်။

ဒါပေမယ့် ခုချိန်မှာတော့ သားဖြစ်သူကို လက်ရှိအမေရိကန်သမ္မတရဲ့နာမည်ကို မှည့်ခေါ်စေတဲ့ကိစ္စကြောင့် သူတို့မိသားစုအနေနဲ့  နိုင်ငံမှာ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အထူးအားကျလေးစားပြီး ၎င်းရဲ့ စွမ်းဆောင်အောင်မြင်ထားခဲ့မှုတွေအတိုင်း မိမိတို့လည်း တစ်ချိန်ချိန်မှာ ရရှိလာလိမ့်မယ်လို့ မျှော်လင့်ပြီး ပူယာနဲ့ ဇနီးသည်တို့က သားဖြစ်သူကို ဒေါ်နယ်ထရမ့်ဆိုပြီး မှည့်ခေါ်ထားကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ယင်း နာမည်ပေးတဲ့ကိစ္စကြောင့်ပဲ ခုဆိုရင် ပူယာတို့ မိသားစုအပေါ် ဆိုရှယ်မီဒီယာပေါ်မှာ အပြင်းအထန် ဝေဖန်ထိုးနှက်မှုတွေ ပေါ်ပေါက်ထားခဲ့ပြီဖြစ်ပါတယ်။

သားဖြစ်သူရဲ့ နာမည်ပါတဲ့ ကိုယ်ရေးအချက်အလက်စာရွက် ဓာတ်ပုံတစ်ပုံကို  Facebook ပေါ်တင်ခဲ့ရာကနေ နိုင်ငံက အွန်လိုင်းသုံးသူတွေ မြင်တွေ့သွားပြီး သူတို့အပေါ် တိုက်ခိုက်ခြိမ်းခြောက်မှုတွေ ပေါ်ပေါက်လာနေတာဖြစ်တယ်လို့ ပူယာက ဆိုပါတယ်။

သူတို့ လင်မယားရဲ့ သုံးယောက်မြောက် ရင်သွေးဖြစ်တဲ့ သားယောကျ်ားလေးဖြစ်သူကို နာမည်ပေးခဲ့မှုကိစ္စမှာ ခုလောက်ထိ အွန်လိုင်းပေါ်မှာ ခြိမ်းခြောက်စော်ကားတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလို့ ပူယာက ဆိုပါတယ်။

တစ်ချို့သော Facebook သုံးသူတွေဆိုရင် သားဖြစ်သူကို ဒီလိုမျိုး မကောင်းတဲ့ မိစ္ဆာတစ်ကောင်ရဲ့ နာမည်မျိုး ပေးရကောင်းလား ဆိုပြီး ပူယာကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်မှုတွေတောင် ရှိတယ်လို့ သိရပါတယ်။

ခုချိန်မှာတော့ သူတို့ တစ်မိသားစုရဲ့ အသက်အန္တရာယ်အတွက် ပူပန်နေရပြီဖြစ်သလို အထူးသဖြင့် သားဖြစ်သူလေး ဒေါ်နယ်ထရမ့် ကျောင်းတက်ရင် ကျောင်းမှာ စော်ကားအနိုင်ကျင့်ခံရမှာကို ပိုလို့တောင် စိုးရိမ်နေရပြီလို့ ပူယာက ဖွင့်ဟသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly