ဆီးရီးယားကိစ္စ ကြားဝင်စေ့စပ်ပေးမည်ဆိုသည့် ပြင်သစ်၏ ကမ်းလှမ်းချက် တူရကီ ဒေါသတကြီး ပယ်ချ

ဆီးရီးယားကိစ္စ ကြားဝင်စေ့စပ်ပေးမည်ဆိုသည့် ပြင်သစ်၏ ကမ်းလှမ်းချက် တူရကီ ဒေါသတကြီး ပယ်ချ

မတ် ၃၁ ။           ။ တူရကီနှင့် ဆီးရီးယားကာ့ဒ်မျိုးနွယ်စုလက်နက်ကိုင်တို့နှင့်အကြား ပြေလည်မှု ရရှိရေး ကြားဝင်စေ့စပ်ပေးမည်ဆိုသည့် ပြင်သစ်နိုင်ငံ၏ ကမ်းလှမ်းချက်အပေါ် အန်ကာရာအစိုးရက ဒေါသတကြီး ပယ်ချသွားခဲ့သည်။

ပြင်သစ်တို့ ကြားဝင်ညှိနှိုင်းပေးမည်ဆိုသည့် ဆီးရီးယားဒီမိုကရက်တစ်အင်အားစု SDF တွင် ကာ့ဒ်ပြောက်ကျားများသာ အဓိက ကြီးစိုးနေသည့်အတွက်ကြောင့် ပါရီအစိုးရအနေဖြင့် ယခုကိစ္စတွင် ရပ်တည်ချက်လွဲမှားသွားပြီဖြစ်ကြောင်း တူရကီက ပြစ်တင်သွားသည်။

အဆိုပါ ဆီးရီးယားကာ့ဒ်ပြောက်ကျားများကို တူရကီဘက်က နာမည်ပျက်စာရင်းသွင်းထားပြီး အကြမ်းဖက်အဖွဲ့သဖွယ် သတ်မှတ်ဆက်ဆံနေလျက်ရှိသည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ကာဒစ်ရှ်နှင့် အာရပ် တိုက်ခိုက်ရေးသမားများပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တစ်ခုနှင့် တွေ့ဆုံခဲ့ပြီး နှစ်ဘက်အကြား ပြေလည်မှုရရေး ညှိနှိုင်းစေ့စပ်ပေးလိုကြောင်း မတ်လ ၂၉ ရက်က ထုတ်ပြန်ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

အလားတူ ပါရီအပြင် နိုင်ငံတကာအသိုင်းအဝိုင်းကပါ ယင်းကိစ္စကို ကူညီပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း မက်ခရွန်က ပြောသည်။

သို့ရာတွင် ပြင်သစ်တို့၏ ယင်းကမ်းလှမ်းချက်အပေါ် တူရကီဘက်က ဒေါသတကြီး ပယ်ချထားပြီး ယခုလို ကြားဝင်စေ့စပ်လိုသည့် ရပ်တည်မှုကြောင့် ပြင်သစ်နှင့်တူရကီအကြား ပိုမိုတင်းမာစေရုံသာ ရှိမည်ဖြစ်ကြောင်း သတိပေးသွားခဲ့သည်။

ယခုကိစ္စတွင် ပြင်သစ်တို့၏ ရပ်တည်ချက် လွဲမှားသွားခဲ့ပြီး ယင်းအပေါ် များစွာ စိတ်မကောင်းဖြစ်ရကြောင်း တူရကီသမ္မတ ရီဆက်ပ် အာဒိုဂန်က ပြောသွားသည်။

" ကျုပ်တို့အတွက် ဘယ်လို ကြားဝင်စေ့စပ်မှုမျိုးမှ မလိုဘူးဗျ၊ ဘယ်နှယ့်ဗျာ၊ ကျူပ်တို့က ဒီလိုအကြမ်းဖက်အဖွဲ့နဲ့မှ စားပွဲတစ်လုံးမှာ ထိုင်ဆွေးနွေးရမယ်လို့၊ မဖြစ်နိုင်တဲ့ကိစ္စပဲ"ဆိုပြီး အာဒိုဂန်က ပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly