ထိုင်းတွင် မြန်မာအလုပ်သမား ၂၀ ကားမီးလောင်သေဆုံးခဲ့မှု အစိုးရဘက်မှ ထိုင်းအာဏာပိုင်များနှင့် ဆက်သွယ်နေ

ထိုင်းတွင် မြန်မာအလုပ်သမား ၂၀ ကားမီးလောင်သေဆုံးခဲ့မှု အစိုးရဘက်မှ ထိုင်းအာဏာပိုင်များနှင့် ဆက်သွယ်နေ
(ဓာတ်ပုံ - Ye Min/Facebook)

မြန်မာအလုပ်သမား (၂၀) ဦး အသက်ဆုံးရှုံးခဲ့ရသည့် အဆိုးရွားဆုံး မော်တော်ယာဉ် မီးလောင်ကျွမ်းခဲ့မှုနှင့်ပတ်သက်ပြီး မဲဆောက်မြို့ရှိ အလုပ်သမားသံအရာရှိက ထိုင်းနိုင်ငံ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်သွယ်နေကြောင်း မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ မတ်လ ၃၀ ရက်က နံနက် ၂ နာရီက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ ဘန်ကောက်မြို့အသွား မြန်မာအလုပ်သမားများ လိုက်ပါလာသည့် မော်တော်ယာဉ်သည် မဲဆောက်မြို့ အထွက် တောင်ဆင်းလမ်းတွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မြန်မာအေဂျင်စီ Star Pioneer Co.,Ltd မှ ပို့ဆောင်သည့် MoU အလုပ်သမား (၄၇) ဦး လိုက်ပါလာပြီး မီးလောင်မှုတွင် မြန်မာအလုပ်သမား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၂၀ ဦး မီးလောင်မှုကြောင့်သေဆုံးခဲ့သည်ဟု ထိုင်းရှိ AAC မဟာမိတ်မိတ်အဖွဲ့(ယာယီဖျက်သိမ်း)မှ သိရသည်။

မြန်မာအစိုးရဘက်မှ အခင်းဖြစ်ပွားရာသို့ မဲဆောက်မြို့ရှိ အလုပ်သမားသံအရာရှိအား စေလွှတ်ထားပြီး ထိုင်းနိုင်ငံ သက်ဆိုင်ရာ အာဏာပိုင်များ နှင့် ဆက်သွယ်ညှိနှိုင်းကာ လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်သည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာ ရရှိသူ  အမျိုးသမီး (၃) ဦးမှာ တပ်ခ်ခရိုင် ဆေးရုံကြီးတွင် အရေးပေါ်ကုသခံနေလျှက်ရှိသည်။ယင်းမော်တော်ယာဉ် မီးလောင်မှု ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ၏ အမည်စာရင်းကို AAC အဖွဲ့မှ ထုတ်ပြန်ထားပြီးဆက်သွယ်လာသော သေဆုံးသူများ၏ ဆွေမျိုး၊ နောက်ထပ်မံဆက်သွယ်လာမည့် ဆွေမျိုးများစုပေါင်း၍ AAC အဖွဲ့မှ မြန်မာသံရုံးနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက မဲဆောက်မှ ဘန်ကောက်အသွားလမ်းတွင် မြန်မာအလုပ်သမားများပါသော ဗင်ကားနှင့် ၁၀ ဘီးထရက်ကားဝင်တိုက်ခဲ့ပြီး ကားမီးလောင်ကျွမ်းမှုကြောင့် မြန်မာ ၁၃ ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly