မေးခွန်းပေါက်ကြားမှုဖြစ်လို့ အိန္ဒိယကျောင်းသား ၂ သန်းကျော် စာမေးပွဲပြန်ဖြေကြရတော့မည်

မေးခွန်းပေါက်ကြားမှုဖြစ်လို့ အိန္ဒိယကျောင်းသား ၂ သန်းကျော် စာမေးပွဲပြန်ဖြေကြရတော့မည်

မတ် ၃၀ ။           ။ အိန္ဒိယနိုင်ငံမှာ အထက်တန်းစာမေးပွဲ မေးခွန်းတွေ ကြိုတင်ပေါက်ကြားသွားခဲ့မှုကြောင့် ယခုအခါ ကျောင်းသားပေါင်း ၂ ဒသမ ၈ သန်းလောက်ဟာ ၎င်းတို့တွေရဲ့ နောက်ဆုံးသော အတန်းတင်စာမေးပွဲကို ပြန်ဖြေကြရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ခုလို စာမေးပွဲမေးခွန်းတွေ အွန်လိုင်းကနေတဆင့် ပေါက်ကြားခဲ့တဲ့နောက်ပိုင်း နိုင်ငံမှာ အွန်လိုင်းလုံခြုံရေးပိုင်းကို ပိုမိုတိုးမြှင့်သွားရတော့မယ်ဆိုပြီး အစိုးရက မတ်လ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

သင်္ချာနဲ့  ဘောဂဗေဒ ဘာသာရပ် စာမေးပွဲမေးခွန်းတွေဟာ စာမေးပွဲမတိုင်ခင်ကတည်းက WhatsApp ကနေတဆင့် အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေခဲ့တာဖြစ်ပြီး ယင်းကိစ္စ ဘယ်လိုဘယ်ပုံ ဖြစ်ခဲ့တာလဲဆိုတာနဲ့ပတ်သက်လို့ စုံစမ်းမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း ပညာရေးဝန်ကြီး ပရာကက်ရှ် ဂျာဗာဒက်ကာက ပြောပါတယ်။

" ဒီစာမေးပွဲ မေးခွန်းတွေကို ဘယ်သူတွေက ဘယ်လိုရသွားပြီး ဖြန့်လိုက်တာလဲ မသိသေးပါဘူး၊ ဒီကိစ္စမှာ ပါဝင်ပတ်သက်သူတွေကိုလည်း ပြေးလွတ်မှာမဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်၊သူတို့ သေချာပေါက် အဖမ်းခံရပါလိမ့်မယ်၊ ခုကနေစပြီး ကျွန်တော်တို့ရဲ့ စနစ်တွေကိုလည်း ပိုမို တိုးတက်စိတ်ချရအောင် လုပ်မယ်လို့ ကတိပေးပါတယ်" ဆိုပြီး ၎င်းက ပြောသွားပါတယ်။

ခုလို စာမေးပွဲ မေးခွန်းပေါက်ကြားမှု ကိစ္စနဲ့ပတ်သက်လို့ ကျောင်းသားတွေနဲ့ ဆရာတွေအပါအဝင် သံသယရှိသူ ၂၅ ဦးကို စစ်မေးနေပြီဖြစ်ကြောင်း၊ ခုထက်ထိတော့ ဖမ်းဆီးထိန်းသိမ်းတာမျိုးတွေ မရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly