အိန္ဒိယရဲ့ အမြင့်ဆုံး အရပ်သား ဂုဏ်ထူးဆောင် Indian Padma Shri ဆု ရရှိသည့် မြန်မာသမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးနှင့် တွေ့ဆုံမေးမြန်းခန်း

အိန္ဒိယရဲ့ အမြင့်ဆုံး အရပ်သား ဂုဏ်ထူးဆောင် Indian Padma Shri ဆု ရရှိသည့် မြန်မာသမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးနှင့် တွေ့ဆုံမေးမြန်းခန်း

စာရေးဆရာနှင့် Yangon heritage Trust တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဦးသန့်မြင့်ဦးသည် သြဇာတိက္ကမကြီးသည့် အိန္ဒိယနိုင်ငံမှ ဆုဖြစ်သော Padma Shri Award ဆုကို ချီးမြှင့်ခံခဲ့ရသည်။ ဆုပေးပွဲ အခမ်းအနားအား ဧပြီ ၂ ရက်တွင် အိန္ဒိယ၊ နယူးဒေလီတွင် ကျင်းပမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ အမြင့်ဆုံးသော အရပ်ဖက် ဂုဏ်ထူးဆောင်ဖြစ်သည့် Padma Shri ဆုသည် အမျိုးအစားအားဖြင့် Padma Vibhushan၊ Padma Bhushan နှင့် Padma Shri ဆိုသည့် သုံးမျိုးရှိသည်။ ဆုများအား အနုပညာ၊ လူမှုရေးလုပ်ငန်းများ၊ ပြည်သူ့ရေးရာ၊ သိပ္ပံနှင့် အင်ဂျင်နီယာပညာ၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း၊ ဆေးပညာ၊ စာပေနှင့် ပညာရေး၊ အားကစားနှင့် ပြည်သူ့ဝန်ထမ်း စသည့် တက်ကြွလှုပ်ရှားမှု နယ်ပယ်နှင့် ပညာရပ်များအတွက် ပေးအပ်ချီးမြှင့်သည်။

Padma Vibhushan ဆုအား ထူးခြားကွဲပြားသော ဝန်ဆောင်မှုများအတွက်၊ Padma Bhushan ကို အထူး ဝန်ဆောင်မှုများအတွက်နှင့် Padma Shri ဆုကို မည်သည့်နယ်ပယ်ကမဆို ထူးခြားကွဲပြားသော ဝန်ဆောင်မှု လုပ်ငန်းများအတွက် ချီးမြှင့်သည်။ ဆုအား နှစ်တိုင်းကျင်းပသော အိန္ဒိယ သမ္မတနေ့တွင် ကြေညာသည်။

ဒေါက်တာ သန့်မြင့်ဦးကို ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းအတွက် Padma Shri ဆုကို ချီးမြှင့်ခြင်း ဖြစ်သည်။ အဆိုပါဆုနှင့် ၎င်း၏ လုပ်ကိုင်ဆောင်ရွက်မှုများအတွက် Mizzima က ဒေါက်တာ သန့်မြင့်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

ဆရာ့ကို အိန္ဒိယနိုင်ငံရဲ့ ဂုဏ်ထူးဘွဲ့ထူးတခုဖြစ်တဲ့ ပဒုမ္မာသီရိဆု ချီးမြှင့်ခံရတယ်လို့ သိရပါတယ်။ အဲဒီဆုအကြောင်းနဲ့ အဲဒီဆုကို ဘာကြောင့် ချီးမြှင့်ခံခဲ့ရသလဲဆိုတာ သိပါရစေ။

ပဒုမ္မာသီရိဘွဲ့က အိန္ဒိယနိုင်ငံမှာ အရပ်သားတွေကို ချီးမြှင့်တဲ့ ဂုဏ်ထူးဘွဲ့ထူးတွေထဲမှာ အမြင့်ဆုံး ဆုတံဆိပ်၊ ဘွဲ့တွေထဲမှာ ပါဝင်ပါတယ်။ ကျွန်တော့်အနေနှင့် ဒီဆုတံဆိပ် ပေးအပ်ချီးမြှင့်ခြင်းခံရတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီဆုကို ချီးမြှင့်ခံရတဲ့ အကြောင်းရင်းကတော့ မြန်မာနိုင်ငံမှာရော၊ နိုင်ငံတကာမှာပါ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကျွန်တော့်ရဲ့ ပြည်သူ့ဝန်ထမ်း ဆောင်ရွက်မှုတွေ (Public Service)ကို အသိအမှတ်ပြုတဲ့အနေနဲ့ ချီးမြှင့်တယ်လို့ ထင်ပါတယ်။ အိန္ဒိယ မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာအောင် ကျွန်တော့်ရဲ့ ကြိုးစားမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ချီးမြှင့်တာလဲ ပါပါလိမ့်မယ်။

လတ်တလောမှာ ဆရာ ဘာလုပ်ငန်းတွေများ အဓိက လုပ်ဆောင်နေပါသလဲ။

လက်ရှိ ကျွန်တော် အဓိက အာရုံစိုက်ပြီးတော့ စာအုပ်သစ်တအုပ် ရေးနေပါတယ်။ ဒါပေမဲ့ ရေးဖို့အချိန်ကို မနည်းကြိုးစားပြီး ရှာနေရပါတယ်။ စာအုပ်ကတော့ ၂၀၀၀ပြည့်နှစ် (၂၀၀၄၊ ၂၀၀၅ လောက်ကစပြီး) လက်ရှိ အခြေအနေအထိ မြန်မာနိုင်ငံအကြောင်း ရေးနေတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဦးသန့်နေအိမ်ရဲ့ ဥက္ကဋ္ဌအဖြစ်လည်း ထမ်းရွက်နေပါတယ်။ ဦးသန့်နေအိမ်ဟာ ဦးသန့်ရဲ့ဘဝ၊ အလုပ်ကို ထင်ဟပ်ပြသနိုင်ဖို့ ဖွင့်လှစ်ထားတဲ့ ပြတိုက်အဖြစ်နဲ့ စတင်ခဲ့ပြီးတော့၊ အခုအခါမှာတော့ ငြိမ်းချမ်းရေးကစလို့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေ အလယ်၊ ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေးကိစ္စတွေ စသည်ဖြင့် ဦးသန့်ရဲ့ဘဝမှာ သူ့အတွက် အလွန်အရေးပါခဲ့တဲ့ကိစ္စရပ်တွေ ဆွေးနွေးဖလှယ်နိုင်မယ့် နေရာဌာနတခု ဖြစ်လာနေပါပြီ။ လစဉ် ဟောပြောမှုတွေ၊ သီးသန့်ဆွေးနွေးပွဲ ဆယ်မီနာတွေ ကျင်းပလျက်ရှိပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဧည်သည့်တော်များလဲ လာရောက်ဟောပြော၊ ဆွေးနွေးပေးကြပါတယ်။ ဥပမာ မစ္စတာကိုဖီအာနန်လိုမျိုးပေါ့။ ဒီနှစ်တော့ လူငယ်တွေအတွက် ပညာရေး အစီအစဉ်တခုလဲ စတင်ဖို့ စီစဉ်နေပါတယ်။ ဒီ့အပြင်မှာတော့ ကျွန်တော်အနေနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းများကို အကြံပေးနေတဲ့ အကြံပေးလုပ်ငန်းတခုရဲ့ ထူထောင်သူ အဖွဲ့ဝင် တဦးအနေနဲ့လည်း ဆောင်ရွက်လျက်ရှိပါတယ်။

Yangon Heritage Trust (YHT) ရဲ့ အဓိက ဦးစားပေးလုပ်ငန်းတွေကို ရှင်းပြပေးစေလိုပါတယ်။

YHT ကို လွန်ခဲ့တဲ့ ခြောက်နှစ်က ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက အောင်မြင်မှုကတော့ ရန်ကုန်မြို့လယ်မှာရှိတဲ့ သမိုင်းဝင်အဆောက်အဦး များစွာကို စနစ်တကျ ဖြိုချ၊ ဖျက်ဆီးခြင်း မခံရလေအောင် စောင့်ရှောက်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ သမိုင်းဝင် အမွေအနှစ် အဆောက်အဦးတွေကို ပြန်လည်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များကိုလဲ စတင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာ ပြန်လည်ထိန်းသိမ်းခြင်း လုပ်ငန်းပေါင်း ၁၀၀ နီးပါးအတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူ ပေးလျက်ရှိနေပါတယ်။ အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခြင်းအစီအစဉ်နဲ့ သမိုင်းဝင် အဆောက်အဦးတွေကို အသိအမှတ်ပြုနိုင်ဖို့ အစီအစဉ်တခုလဲ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ သမိုင်းဝင်အဆောက်အဦး ရာပေါင်းများစွာကို ကွင်းဆင်းမှတ်တမ်းတင်မှု ဆောင်ရွက်ခြင်း၊ အစိုးရအတွက် မူဝါဒရေးရာ အကြံဉာဏ်များကို ကျွန်တော်တို့ရဲ့ “Yangon Heritage Strategy” (ရန်ကုန် အမွေအနှစ် မဟာဗျူဟာ) အစီအစဉ်ကနေ ဆောင်ရွက်ပေးခြင်းများလည်း ဆောင်ရွက်လျက်ရှိပါတယ်။ မြို့ပြထိမ်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းများရဲ့ အရေးပါမှု၊ အခန်းကဏ္ဍကိုလည်း သိသိသာသာကြီး မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ခန့်ကို ဒီ ပြန်လည်ထိမ်းသိမ်းရေး အားထုတ်ကြိုးပမ်းမှု အစီအစဉ်တွေမှာ ရင်းနှီး မြှုပ်နှံထားကြပြီး ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်ရဲ့ အနာဂတ် ချမ်းသာကြွယ်ဝမှုအတွက် ထိန်းသိမ်း စောင့်ရှောက်မှုနဲ့ ခေတ်မီအောင်ဆောင်ရွက်မှုနှစ်ခုကို ပေါင်းစပ်ဆောင်ရွက်နိုင်ခြင်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ကျွန်တော်အနေနဲ့ YHT ရဲ့ ဥက္ကဋ္ဌအဖြစ်က မကြာခင် အနားယူတော့မှာ ဖြစ်ပါတယ်၊ သို့သော် ဆက်လက်ပြီး ကျွန်တော် တတ်အားသရွေ့ ဆက်လက်ကူညီပေးနေဦးမှာပါပဲ။ ဘယ်အဖွဲ့အစည်းအတွက်မဆို လူပုဂ္ဂိုလ် တဦးတယောက်အပေါ် မှီခိုပြီး နေရတယ်ဆိုတာမျိုး မဖြစ်ထိုက်ဘူးလို့ ထင်ပါတယ်။ ခုဆိုရင် ကျွန်တော်တို့မှာ ဒီလုပ်ငန်းအပေါ် စိတ်ဝင်တစားနဲ့ ထက်ထက်သန်သန် လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ရုံးအဖွဲ့လည်း ရှိနေပြီဖြစ်ပါတယ်။

သမိုင်းကြောင်းအရ အိန္ဒိယ မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးဟာ အခြေခံကျတယ်၊ အရေးပါတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်လောက်အတွက် နှစ်နိုင်ငံ ဆက်ဆံရေးဟာ အထစ်အငေါ့မရှိ၊ ဖြောင့်ဖြောင့်ဖြူးဖြူးလို့ ပြောလို့ မရတဲ့အခြေအနေဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ရှင်းပြပေးစေလိုပါတယ်။

မြန်မာနဲ့အိန္ဒိယနှစ်နိုင်ငံရဲ့ ရှည်လျားနက်နဲတဲ့ သမိုင်းကြောင်းကို (တခုစီ) ဖယ်ထုတ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီနှစ်နိုင်ငံဟာ ဟိုးအတိတ် သမိုင်းဦးအချိန်ကတည်းက ရှည်လျားတဲ့၊ အပြန်အလှန် ဆက်ဆံခဲ့တဲ့ သမိုင်းကြောင်း ရှိပါတယ်။ ကိုလိုနီလက်အောက်ကို ကျရောက်တဲ့ သမိုင်းကြောင်းလဲ တူပါတယ်၊ ကိုလိုနီလက်အောက်က လွတ်မြောက်အောင် ကြိုးစားခဲ့ကြရတဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းလဲ တူပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့အချိန်ကစလို့ ဆက်ဆံရေး  အေးခဲနေခဲ့တဲ့ အချိန်ကာလတွေ ရှိခဲ့ပါတယ်။ ဥပမာဆိုရင် ၁၉၉၀ ပြည့်လွန် အစောပိုင်း ကာလတွေမှာ အိန္ဒိယအစိုးရက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေဘက်က ထက်ထက်သန်သန် ရပ်တည်ခဲ့တာမျိုးပေါ့။ ဒါပေမယ့် ခြုံပြောရရင်တော့ နှစ်နိုင်ငံ အစိုးရ ဆက်ဆံရေးဟာ အများအားဖြင့် ရင်းနှီးခင်မင်တဲ့ ဆက်ဆံရေးမျိုး ဖြစ်ပါတယ်။ သိပ်ပြီး ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးမျိုးလည်း ရှိခဲ့ပါတယ်။ အိန္ဒိယနဲ့ မြန်မာပြည်သူတွေဟာ တဦးနဲ့တဦး တူညီမှု၊ ဆင်တူမှုဟာ ဒီနေ့အခါမှာ ယခင် မကြာသေးတဲ့ ကွာဝေးတဲ့ အတိတ်ကလောက် မရှိတော့သည့်တိုင်အောင် သမိုင်းကြောင်းအရ၊ ရိုးရာဓလေ့ယဉ်ကျေးမှုအရ (နှစ်နိုင်ငံအတွက် တည်ရှိနေတဲ့) ပတ်သက်ဆက်နွယ်မှုတွေဟာ ယခုအချိန်မှာ မေ့ပျောက်ထားခြင်း ခံနေတယ်လို့ ယူဆပါတယ်။ ဒီဟာကို များမကြာမီ ပြန်လည်ပြင်ဆင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။

မြန်မာ၊ အိန္ဒိယနှစ်နိုင်ငံ ဆက်ဆံရေးဟာ လက်ရှိမှာ သိသိသာသာ တိုးတက်ကောင်းမွန်နေပါတယ်။ အထူးသဖြင့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ မနှစ်က မြန်မာနိုင်ငံကို အလည်အပတ် လာရောက်ခဲ့သလို အိန္ဒိယရဲ့ Act East မူဝါဒအပေါ်မှာ ပိုပြီး အလေးပေးလာတာကို တွေ့ရပါတယ်။ ဒီအခြေအနေတွေကို ဘယ်လိုများ သုံးသပ်မိပါသလဲ။

လက်ရှိဆက်ဆံရေးကတော့ ထူးခြားကောင်းမွန်တဲ့ ဆက်ဆံရေးပါပဲ။ အိန္̔ဒိယရဲ့ Act East မူဝါဒကို မြန်မာနိုင်ငံက ဝမ်းပန်းတသာ ကြိုဆိုထိုက်ပါတယ်။ ဘာဆက်ဖြစ်မလဲ ဆိုတာကတော့ (လုံးလုံးကြီး မဟုတ်သည့်တိုင်ပေါ့လေ) အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသမှာ ဘယ်လို တိုးတက်မှုတွေ ဖြစ်ပေါ်လာမလဲ ဆိုတာအပေါ် အတော်မူတည်ပါတယ်။ အရှေ့မြောက်အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ အမှန်မှာတော့ တယောက်တယောက် အနေဝေး မမြင်တာကြာလို့ စိမ်းနေကြတဲ့ ဆွေမျိုးရင်းချာ တွေလိုပါပဲ၊ ပြန်တွေ့ကြ၊ ပြန်ပြီး မိတ်ဆက်မိကြရင် သေချာပေါက် အချင်းချင်း ရင်းနှီးခိုင်မာတဲ့ ဆက်ဆံရေးနဲ့ ပြန်လည် ဆက်ဆံကြမှာသာ ဖြစ်ပါတယ်။ အရှေ့မြောက် အိန္ဒိယဟာလဲ မြန်မာနိုင်ငံလိုပဲ နှစ်ပေါင်းများစွာ ဆင်းရဲမွဲတေမှုနှင့် ပဋိပက္ခဒဏ်ကို ခံစားနေခဲ့ရတာဖြစ်ပါတယ်။ နှစ်ဖက် နှစ်နိုင်ငံစလုံး တိုးတက်လာတာနဲ့ အမျှ၊ အိန္ဒိယအရှေ့မြောက်နဲ့ မြန်မာနိုင်ငံ နယ်နိမိတ်မျဉ်းရဲ့ တဖက်တချက်စီမှာ ရှိကြတဲ့ လူအများအတွက် အများကြီး တိုးတက်မှုတွေ ဖြစ်ပေါ်လာနိုင်ချေ ရှိနေပါတယ်။ မြန်မာနိုင်ငံနဲ့ အိန္ဒိယ ဆက်ဆံရေးဟာ အရှေ့မြောက် အိန္ဒိယကိစ္စ တခုထဲအတွက်သာ မကပါဘူး။ အိန္ဒိယနိုင်ငံရဲ့ အခြားနယ်မြေ အစိတ်အပိုင်းတွေနဲ့လဲ ဆက်ဆံရေးတွေ ထူထောင်ပျိုးထောင်သင့်ပါတယ်။ အနောက် ဘင်ဂေါပြည်နယ်၊ တောင်အိန္ဒိယနဲ့ဆိုလဲ မြန်မာနိုင်ငံနဲ့ ရှည်လျားဆင်တူတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။ အလွယ်ဆုံး လုပ်နိုင်တာကတော့ လေကြောင်းခရီးစဉ်တွေ တိုးချဲ့ပျံသန်းဖို့ပါပဲ။ ရန်ကုန် မန္တလေးနဲ့ အရေးပါတဲ့ အိန္ဒိယမြို့ကြီးတွေအကြား သွားရေးလာရေး ပိုမို မြန်ဆန်လွယ်ကူလာအောင် ဆောင်ရွက်ပေးသင့်ပါတယ်။

အိန္ဒိယနိုင်ငံဟာ သူ့ရဲ့အရှေ့မျှော်မူဝါဒအပေါ်မှာ ပိုပြီး စိတ်ပါဝင်စားစွာ လုပ်ဆောင်လာမှုအပေါ်မှာ ဘယ်လိုများ သုံးသပ်ပါသလဲ။ ဘယ်လို အခွင့်အလမ်းတွေ ပေါ်ပေါက်လာနိုင်မယ်လို့ ထင်ပါသလဲ။ အိန္ဒိယနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဘယ်လို အဟန့်အတားတွေများ ရှိနိုင်ပါသလဲ။

မြန်မာနိုင်ငံဟာ “ဥစ္စာရင်လို ဥစ္စာရင်ခဲ” တက်တက်ကြွကြွ စိတ်ဝင်တစား လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အိန္ဒိယ ဘာလုပ်မယ်၊ ဘာအဆိုပြုလာမယ်ဆိုတာ စောင့်နေ၊ ပြီးတော့မှ အဲဒါကို ပြန်လည် ဆောင်ရွက်၊ တုံ့ပြန်ဆိုတာမျိုးလုပ်ဖို့ ထိုင်စောင့်မနေသင့်ပါဘူး။  မြန်မာနိုင်ငံရဲ့သူများနဲ့မတူ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ အာဆီယံအကြား တမူထူးခြားစွာ ဗျူဟာမြောက် တည်ရှိနေတဲ့ အနေအထားအပေါ် အခြေခံပြီး စဉ်းစားထားတဲ့ ကိုယ်ပိုင် အနာဂတ်အမျှော်အမြင် ရှိဖို့ လိုပါတယ်။ ကျွန်တော့်အမြင်အရတော့ လက်ရှိအခြေအနေမှာ ကျွန်တော်တို့အတွက် ရှိနေတဲ့ ဖြစ်နိုင်ခြေ Options တွေကို လူထုအကြား စဉ်းစားပြောဆိုနေတာမျိုး ကျွန်တော်တို့ရှေ့မှာ မမြင်ရ မကြားရပါဘူး။ အကြောင်းကတော့ မြန်မာနိုင်ငံရဲ့ အိန္ဒိယနိုင်ငံအကြောင်းသိမှု၊ တခါ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ မဏိပူရ၊ မီဇိုရမ်နဲ့ နာဂလန်း ပြည်နယ်တွေအကြောင်း သိနားလည်မှုဟာ အကန့်အသတ်နဲ့ ဖြစ်နေပါတယ်။ ရေရှည်အတွက် စဉ်းစားတဲ့ အနာဂတ်အမျှော်အမြင် လိုအပ်ပါတယ်။ ဒါ့အပြင် လက်ရှိအခြေအနေတွေနဲ့ ကိုက်ညီဆီလျှော်တဲ့ ရေတို ဆောင်ရွက်ရန် အစီအမံများလည်း ထားရှိရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် လက်တွေ့ကျတယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ နယ်စပ်မျဉ်းရဲ့ နှစ်ဖက်စလုံးမှာ ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ကော၊ တခါ  ပဋိပက္ခ၊ ပြီးတော့ ပြည်နယ်အဆင့်အစိုးရရဲ့ စွမ်းဆောင်ရည်၊ ဒီကဏ္ဍတွေနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေ ကြီးကြီးမားမား ရှိနေပါတယ်။

၂၀၀၇ ကနေ ၂၀၁၁ အထိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ဆရာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအကြောင်းလဲ အနည်းငယ် ပြောပြပေးစေလိုပါတယ်။

၂၀၀၇ မှာ ကုလသမဂ္ဂ၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ ဌာနရဲ့ မူဝါဒရေးရာ စီမံမှုကဏ္ဍရဲ့ ခေါင်းဆောင် အဖြစ်ကနေ ကျွန်တော် အလုပ်ထွက်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကို ဘယ်လိုကူညီရမလဲ ဆိုတာ နည်းလမ်းရှာချင်လို့ ဖြစ်ပါတယ်။ အဲဒီအချိန်က စစ်အာဏာရှင်စနစ်ရဲ့ အမှောင်အတိကျနေတဲ့ အချိန်ကာလတွေ ဖြစ်ပါတယ်။ အပြောင်းအလဲ ဖြစ်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့အချိန် ဖြစ်ပါတယ်။ (တပ်က) ပြင်ဆင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အပေါ် အခြေခံတဲ့ အခင်းအကျင်းသစ်ဟာ ဒီမိုကရေစီကို တိုက်ရိုက်ဖြစ်ပေါ်လာအောင် ဆောင်ကျဉ်းပေးနိုင်မှာတော့ မဟုတ်ဘူး၊ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ “ပါဝါ” ကို အပြင်းထန်၊ အကြီးမားဆုံး လှုပ်ရမ်းသွားစေမယ့် အခင်းအကျင်းမျိုး ဖြစ်တယ်။ ကောင်းမွန်တဲ့ အပြောင်းအလဲအတွက် တမူထူးခြားတဲ့ အခွင့်အလမ်းတရပ် ဖြစ်လာနိုင်တယ်ဆိုတာကို ကျွန်တော် မကြာခင်မှာပဲ သဘောပေါက်လာပါတယ်။

မြန်မာနိုင်ငံကို ပိုမို ဒီမိုကရေစီ နည်းလမ်းကျတဲ့၊ ချမ်းသာကြွယ်ဝတဲ့၊ ငြိမ်းချမ်းတဲ့တိုင်းပြည်အဖြစ် မြင်ချင်တဲ့သူတိုင်းဟာ ကျကျနန ဗျူဟာမြောက် အခင်းအကျင်း ဖော်ဆောင်ဖို့ လိုတယ်လို့ ကျွန်တော် ယူဆခဲ့ပါတယ်။ ခဏပဲ ပေါ်လာမယ့် ဒီ အခွင့်အလမ်းပြတင်းကို လက်လွှတ်ဖို့ မသင့်ဘူးလို့ ယူဆခဲ့ပါတယ်။ ၂၀၀၇ နဲ့၂၀၁၁ အကြားမှာ ရန်ကုန်နဲ့ နေပြည်တော်ကို ကျွန်တော် ခရီးတွေ အကြိမ်ကြိမ် ထွက်ခဲ့ပါတယ်။ ဝါရှင်တန်၊ တိုကျို၊ ဘေဂျင်း၊ လန်ဒန်၊ ဘရပ်ဆဲလ်စ်၊ ကင်ဘာရာနဲ့ အော်စလို အပါအဝင် ကမ္ဘာ့မြို့ကြီးတွေကိုလည်း ကျွန်တော် သွားရောက်ခဲ့ပါတယ်။ စစ်အာဏာရှင် စနစ်ကနေ ဖယ်ထွက်ဖို့ ကြိုးစားမှု ဘယ်လို ပုံစံမျိုးနဲ့ ပေါ်ပေါက်လာပါစေ၊ အဲဒါကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စနစ်တကျ တုံ့ပြန်နိုင်ဖို့၊ နေ့စဉ်ဘဝထဲက သာမန် မြန်မာပြည်သူတွေအတွက် အမှန်တကယ် အကျိုးရှိစေယ့် လမ်းကြောင်းမျိုးကို တိုက်တွန်း၊ ကူညီပေးနိုင်ဖို့ ကျွန်တော် ဆန္ဒရှိခဲ့ပါတယ်။ ဒီအကြောင်းတွေကို လာမယ့် စာအုပ်မှာ အသေးစိတ် ရေးသားဖော်ပြဖို့ ရှိပါတယ်။

နာဂစ်မုန်တိုင်းရဲ့ဆိုးရွားတဲ့ဒုက္ခဒဏ်တွေကို လျှော့ချပေးနိုင်အောင် ကြိုးစားခဲ့သေးတယ် မဟုတ်လား။

နာဂစ်မုန်တိုင်း တိုက်ပြီးတဲ့အခါမှာတော့ အစိုးရရဲ့ မစွမ်းဆောင်နိုင်မှုတွေဟာ ဘွားဘွားကြီး ပေါ်လာပါတော့တယ်။ မြန်မာအရပ်ဖက် လူ့အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေနဲ့ နိုင်ငံတကာက မိတ်ဆွေတွေဟာ မြန်မာနိုင်ငံရဲ့ ချွတ်ခြုံကျ ဆင်းရဲမွဲတေမှုကို ဖြေရှင်း၊ ကူညီနိုင်ဖို့ ချက်ချင်းဆိုသလို ဆောင်ရွက်လိုကြပါတယ်။ အဲဒီအတွက် အခင်းအကျင်းအသစ် ပေါ်ပေါက်လာခဲ့ပါတယ်။ ၂၀၀၈ ကနေ ၂၀၁၁ အတွင်း ကျွန်တော့်အနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်း အတော်များများနဲ့ နီးနီးကပ်ကပ် ပူးပေါင်း လုပ်ဆောင်ခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်အဖွဲ့နဲ့၊ တခါ LIFT လို့ခေါ်တဲ့ Livelihoods and Food Security Trust Fund အဖွဲ့မှာဆိုရင်လဲ ကျွန်တော်က ဘုတ်အဖွဲ့ဝင် အနေနဲ့ပါနေတော့ ဒီအဖွဲ့အစည်းများက အစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်ဖို့ ကြိုးစားတဲ့နေရာတွေမှာ ကျွန်တော် ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ အဓိကကတော့ အကူအညီတွေ ပေးနိုင်ဖို့ အခွင့်အလမ်း ပေါ်ပေါက်လာအောင် တွန်းအားပေး၊ တိုက်တွန်းတဲ့ ကဏ္ဍကနေဖြစ်ပါတယ်။

၂၀၁၁ ကနေ ၂၀၁၃ အထိ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့နောက်ကွယ်ကနေ ဆောင်ရွက် ကူညီပေးခဲ့ရတာတွေကိုလဲ ပြောပြပေးစေလိုပါတယ်။

၂၀၁၁ ကနေ ၂၀၁၅ အထိ ကျွန်တော့်အနေနဲ့ NESAC ခေါ်တဲ့ အမျိုးသား လူမှုစီးပွား အကြံပေးကောင်စီရဲ့ အဖွဲ့ဝင်တဦးအဖြစ် ဆောင်ရွက်ခဲ့သလို  မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အစိုးရအဖွဲ့အတွက် အထူး အကြံပေးအနေနဲ့လည်း ဆောင်ရွက်ခဲ့ပါတယ်။ ကမ္ဘာကြီးနဲ့ မြန်မာနိုင်ငံ ပြန်လည် ချိတ်ဆက်လာနိုင်အောင် ဆောင်ရွက်တဲ့နေရာမှာ အလွတ်သဘောကဏ္ဍကနေ ကျွန်တော်များစွာ ကူညီပေးခဲ့ပါတယ်။ အထူးသဖြင့်တော့ အနောက်နိုင်ငံတွေ၊ ပြီးတော့ ကုလလို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေနဲ့ပြန်လည် ချိတ်ဆက်နိုင်အောင်ပေါ့လေ။ ဒါတွေလဲ ကျွန်တော့် စာအုပ်သစ်မှာ ကျွန်တော် ရေးသား ဖော်ပြဖို့ စိတ်ကူးထားပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ အချိန်အများကြီးပေးပြီး ဆောင်ရွက်ခဲ့တယ်ဆိုတော့ အဲဒါနဲ့ ပတ်သက်လို့လဲ အနည်းငယ် ပြောပြပေးစေလိုပါတယ်။

၂၀၁၁ ကနေ ၂၀၁၅ ကာလမှာ အစိုးရအနေနဲ့ နိုင်ငံတကာက ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ပေးအပ်ထားတဲ့ အထောက်အပံ့တွေကို စီမံခန့်ခွဲနိုင်စေဖို့ ကျွန်တော် ကူညီပေးခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ကုလသမဂ္ဂမှာ လုပ်ဖူးတဲ့အတွေ့အကြုံရှိနေတော့ ဒီကိစ္စဟာ ဘယ်လောက်အရေးကြီးတယ်၊ ပြီးတော့ ဘယ်လောက် လက်ဝင်တယ်ဆိုတာ သဘောပေါက်နေပါတယ်။ ဒီကူညီဆောင်ရွက်ပေးမှုမှာ ၂၀၁၂ ခုနှစ် Peace Donor Support Group စတင် ဖွဲ့စည်းတာ ပါဝင်ပါတယ်။ ဒါလဲ တစိတ်တပိုင်း အောင်မြင်တယ်လို့ ဆိုရမှာပါ။ Beyond Ceasefires Initiative (BCI) လို့ခေါ်တဲ့ အပစ်အခတ်ရပ်စဲရေးအလွန် လုပ်ငန်းစဉ်များ ကမကထ ပြုရေးအဖွဲ့မှာလဲ ကျွန်တော် ထဲထဲဝင်ဝင် ပါဝင်ကူညီခဲ့ပါတယ်။ ဒါကတော့ လူသိပ်မသိကြပါဘူး။ BCI ကတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ထိပ်တန်းက ပါဝင် ပတ်သက်နေသူတွေကို တခြား ကမ္ဘာ့နိုင်ငံများမှာရှိတဲ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ သိကျွမ်းနားလည်လာအောင် လုပ်ပေးခြင်းအားဖြင့် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီထောက်ပံ့ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ လူကြီးပိုင်းတွေအနေနဲ့ အခြားနိုင်ငံတကာ အတွေ့အကြုံတွေကို သင်ယူလေ့လာနိုင်အောင် စီမံပေးခြင်းအားဖြင့် ထိထိရောက်ရောက် ကူညီပေးနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ တခြားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ခေါင်းဆောင်အဖြစ်နဲ့ ပါဝင်ခဲ့သူတွေ၊ ဝါရင့် သမ္ဘာရင့် ကုလ ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေကို မြန်မာနိုင်ငံကို ဖိတ်ကြားပြီး အစိုးရဝန်ကြီးများ၊ ထိပ်တန်း တပ်မတော်အရာရှိကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းက ခေါင်းဆောင်များနဲ့ တွေ့ဆုံနိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ ၂၀၁၂ ကနေ ၂၀၁၅ အတွင်း ဒီလိုမျိုး ဂရုတစိုက် ပြင်ဆင်ထားတဲ့ ဆွေးနွေးမှုတွေ ကျင်းပပေး နိုင်ခဲ့ပါတယ်။

တရုတ်ရဲ့ သြဇာကြီးမားလာမှုအပေါ်မှာ အိန္ဒိယက စိုးရိမ်တဲ့သဘောရှိတော့ အာရှတိုက်အတွက် Great Game (အခင်းအကျင်း အသစ်) ပေါ်ပေါက်လာမယ်ဆိုတာ ဒေသတွင်း အခြေအနေတွေကိုကြည့်ရင် ထင်ရှားပါတယ်။ ဒီအခြေအနေတွေအပေါ်မှာ ဘယ်လိုသုံးသပ်မိပါသလဲ။

ဒါကို ဂိမ်းအသစ်လို့တော့ ကျွန်တော့်အနေနဲ့ မခေါ်လိုပါဘူး။ မြန်မာရဲ့ကြီးမားတဲ့ အိမ်နီးနားချင်း သုံးနိုင်ငံဟာ တနိုင်ငံနဲ့တနိုင်ငံ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ စစ်မက်ပြိုင်ခဲ့ကြတယ်ဆိုတာ မှန်ပါတယ်။ ဒီလိုပဲ ဒေသတွင်း တင်းမာမှုတွေ ရှိတယ်ဆိုတာလဲ မှန်ပါတယ်။ ဒါပေမဲ့ အာရှဒေသအနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က ဥရောပမှာ နိုင်ငံတွေအချင်းချင်း မဟာမိတ်ဖွဲ့ကြတဲ့ပုံစံမျိုး လိုက်တု လုပ်ဆောင်ဖို့ ဘာအကြောင်းမှ မရှိပါဘူး။ မြန်မာ့အိမ်နီးနားချင်းတွေ အနေနဲ့ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြခြင်းအားဖြင့် အားလုံးအတွက် ပိုမိုချမ်းသာကြွယ်ဝတဲ့ ဒေသကြီးဖြစ်လာအောင် ဆောင်ရွက်ကြဖို့၊ ဆောင်ရွက်နိုင်ဖို့ သာလျှင် အကြောင်းရှိပါတယ်။ ဂိမ်းအသစ်ကြီးထဲမှာ ဝင်ကစားနိုင်ဖို့က မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍလို့တော့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်း စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ချိတ်ဆက် ဆောင်ရွက်မှုတွေအတွက် ဆုံချက်နေရာအဖြစ် ဖြစ်ပေါ်လာသင့်ပါတယ်။ ဒေသတွင်းတင်မကဘဲ ကမ္ဘာလုံးချီ ပူးပေါင်းဆောင်ရွက်မှု နေရာတနေရာအဖြစ် ပေါ်ပေါက်လာသင့်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဘယ်သူတွေကိုတော့ မိတ်ဆွေအဖြစ် ရွေးချယ်မယ်၊ ဘယ်သူတွေကိုတော့ မရွေးချယ်ဘူးလို့လုပ်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ၂၁ ရာစုလက်ကျန် နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ တမူထူးခြားတဲ့ ပထဝီ အနေအထားအပေါ်မှာ မူတည်ပြီး အကောင်းဆုံး အခွင့်အလမ်းတွေ၊ အသာရယူနိုင်အောင် ဘယ်လိုဆောင်ရွက်ကြမယ် ဆိုတာကို အစိုးရပိုင်းကတင်မကဘဲ၊ လူနည်းစုတိုင်းရင်းသား အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေပါ ပါဝင်ပြီး၊ အတူတကွ၊ ကျယ်ကျယ်ပြန့်ပြန့် ဗျူဟာမြောက် ဆွေးနွေးမှုတွေ၊ အချက်အလက်တွေ ပြည့်စုံစွာပါရှိတဲ့ ဆွေးနွေးမှုတွေ ပေါ်ပေါက်လာရင် ကောင်းမှာလို့ ထင်မြင်မိပါတယ်။

တရုတ်က သူ့ရဲ့ One Belt One Road Initiative (တရပ်ဝန်း တလမ်းကြောင်းစီမံကိန်း)ကို စတင် အကောင်အထည် ဖော်နေပါပြီ။ ဒီစီမံကိန်းကို ဘယ်လို မြင်ပါသလဲ၊ မြန်မာပြည်က ဒီစီမံကိန်းထဲမှာ ဘယ်နေရာက ပါဝင်နိုင်မယ်လို့ ထင်ပါသလဲ။

တရုတ်နဲ့ ဒီထက် များစွာပိုမိုကောင်းမွန်တဲ့ စီးပွားရေး ချိတ်ဆက်ဆောင်ရွက်မှုတွေဟာ အလွန်ကောင်းမွန်တဲ့ ကိစ္စရပ် ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံဟာ လူ့သမိုင်းမှာ အကြီးမားဆုံး စက်မှုခေတ်ပြောင်း တော်လှန်ရေး ဖြစ်ရာနေရာရဲ့ အိမ်နီးနားချင်း ဖြစ်နေပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးအနာဂတ်ကို စဉ်းစားတဲ့နေရာမှာ ဒီအခွင့်အရေးကို ဘယ်လို အသုံးချမလဲဆိုတာက အဓိက အခန်းကဏ္ဍကနေ ပါဝင်သင့်ပါတယ်။ တဖက်မှာ ဒီလိုစဉ်းစားဖို့ လိုသလို၊ တဖက်မှာကလည်း မြန်မာနိုင်ငံဟာ ပါးရည်နပ်ရည် ရှိဖို့ လိုပါတယ်။ ဘာကိစ္စနဲ့၊ ဘယ်အကြောင်း ကဏ္ဍအတွက် ဆိုတာမျိုး မဟုတ်ဘဲ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး ကဏ္ဍတွေမှာ ရေရှည် အမျှော်အမြင်ရှိဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို ပြောလိုတာဖြစ်ပါတယ်။ ခု အတိုင်းသွားရင် နောင် ဆယ့်ငါးနှစ်၊ နှစ် နှစ်ဆယ် ကြာတဲ့အခါ တရုတ်ပြည်ဈေးကွက်ဟာ ဘယ်လောက်ဖြစ်လာနိုင်မယ် ဆိုတာကို နားလည် သဘောပေါက်သင့်ပါတယ်။ ဒါကိုစဉ်းစားထားပြီး ကြိုတင်ပြင်ဆင်ထားရမှာပါပဲ။ ကျွန်တော် စိုးရိမ်တာကတော့ တရုတ်ပြည်နဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့သိမှုဟာ အိန္ဒိယနိုင်ငံအကြောင်း သိမှုလိုပဲ အလွန်ပဲ အကန့်အသတ်နဲ့ ဖြစ်နေပါတယ်။ တရုတ်နဲ့ စီးပွားရေးဆက်ဆံမှုမှာ ဘာအပြောင်းအလဲပဲ ဖြစ်ဖြစ်၊ အဲဒါဟာ ပထမဆုံးအနေနဲ့ နယ်စပ်ဒေသတွေကို ထိခိုက်ဖု့ိ ရှိပါတယ်။ ဒီလိုဆိုတော့ စီးပွားရေး အပြောင်းအလဲနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အခွင့်အလမ်းတွေ၊ ပိုပြီး အားလုံးပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ဖို့ အခွင့်အလမ်းတွေဟာလည်း ချိတ်ဆက်နေတဲ့အတွက် ဒါတွေကို ကျကျနန ပုံစံချပြီး စဉ်းစားထားသင့်ပါတယ်။

ဝါရှင်တန်ရဲ့ အာရှတိုက်အခြမ်းမှာ သြဇာ၊ မြန်မာပြည် အပါအဝင်ပေါ့လေ၊ ကျဆင်းလာပြီလို့ ထင်ပါတယ်။ ဘာကြောင့်များပါလဲ။

တရုတ် အင်အားကြီးလာတာ၊ လွယ်လွယ်ပြောရရင် အာရှ အင်အားကြီးလာတာဟာ အားလုံး သိကြတဲ့အတိုင်း ဆိုတော့ ဝါရှင်တန်ရဲ့ ပါဝါနဲ့ သြဇာဟာ ဒီဒေသတွင်းမှာ တနည်းအားဖြင့် ကျလာတာလို့ မလွဲမသွေ ဆိုရမှာပါပဲ။ ဒါပေမဲ့ ဒါကို လိုတာထက် ပိုပြီး ပုံကြီးမချဲ့ဖို့လဲ အရေးကြီးတယ်လို့ ထင်ပါတယ်။ အမေရိကန်ဟာ နောင်ဆယ်စုနှစ်များစွာအထိ ဒီဒေသကြီးအတွက် အလွန်အရေးပါတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ လစ်ဘရယ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုတာ ခပ်လွယ်လွယ်ပဲလို့ ဝါရှင်တန်က စဉ်းစားထားခဲ့တယ်ဆိုရင် ရခိုင်အကျပ်အတည်းကြောင့် အဲဒီစိတ်ကူးယဉ်မှုမျိုးတွေ ရပ်သွားပြီ ဖြစ်ပါတယ်၊ ဆက်ဆံရေးလဲ အေးစက်လာစေတယ် ဆိုတာကတော့ ထင်ရှားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် အသက်တမျှ အရေးကြီးတာကတော့ ဝါရှင်တန်နဲ့၊ ခြုံပြောရရင် အနောက်ကမ္ဘာနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ဆက်ထိန်းထားဖို့ပါပဲ။ အနောက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံဟာ ဆက်ပြီး သီးခြားစီ (Isolation) ဖြစ်နေဦးမယ်ဆိုရင်၊ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ အနောက်နိုင်ငံတွေရဲ့ ဈေးကွက်ကို မဝင်ဆံ့တဲ့၊ အနောက်နိုင်ငံတွေအကြောင်း မသိတဲ့ တခုတည်းသော နိုင်ငံအဖြစ်နဲ့ ဆက်ရှိနေဦးမယ် ဆိုရင်တေ့ာ ပြဿနာ၊ အကျပ်အတည်းတွေဟာ လျော့သွားဖို့ မရှိပါဘူး။

တခြား ထပ်မံဖြည့်စွက်ပြောကြားလိုတာများ ရှိရင် ပြောကြားပေးစေလိုပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိမှာ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်နေရပါတယ်။ အစိုးရရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့လဲ ပြောစရာ အရေးကြီးကိစ္စတွေ ရှိနေပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေ၊ အခက်အခဲတွေရဲ့ အဓိကအချုပ်ကတော့ စိတ်ကူးစဉ်းစားနိုင်ခြင်းဆိုတဲ့ (Imagination) မရှိခြင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ကော၊ ကမ္ဘာကြီးကိုပါ ပြောပြနိုင်မယ့် စတိုရီ (Story) အသစ်လိုအပ်နေပါတယ်။ ဘယ်လိုစတိုရီမျိုးလဲ ဆိုတော့ နိုင်ငံမှာရှိတဲ့ လူအားလုံးရဲ့ အမြင်အတွေးတွေကို ပေါင်းစည်းနိုင်ပြီး၊ အားလုံးပါဝင်နိုင်မယ့် ချမ်းသာကြွယ်ဝတဲ့ အနာဂတ်ကို မျှော်ကြည့်တဲ့ စတိုရီမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု ပဒေသာစုံတဲ့၊ အကြောင်းမျိုးစုံတဲ့သမိုင်း၊ ပြီးတော့ ကမ္ဘာ့သမိုင်းထဲမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍကို ကျကျနန သေသေချာချာ နားမလည်ဘူးဆိုရင် အဲသလို စတိုရီမျိုး ပေါ်ပေါက်လာနိုင်မယ်ဖို့ အလွန်ခဲယဉ်းပါတယ်။ ဆိုလိုတာက ကျွန်တော်တို့အနေနဲ့ စိတ်ကူး စဉ်းစားနိုင်မှု လုပ်ငန်းစဉ်သစ်တရပ် (A new project of imagination) လိုအပ်နေပြီဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

Mizzima Weekly