လူ့အခွင့်အရေးအဖွဲ့များသည် မူးယစ်ရာဇာလက်တွင်းက စစ်တုရင်နယ်ရုပ်လေးများ ဖြစ်လာပြီဟု ဖိလစ်ပိုင်အစိုးရ စွပ်စွဲ

လူ့အခွင့်အရေးအဖွဲ့များသည် မူးယစ်ရာဇာလက်တွင်းက စစ်တုရင်နယ်ရုပ်လေးများ ဖြစ်လာပြီဟု ဖိလစ်ပိုင်အစိုးရ စွပ်စွဲ

မနီလာ၊ မတ် ၂၆ ။                                 ။ သမ္မတ ဒူတာတေး၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲအပေါ် ဝေဖန်နေကြသော လူအခွင့်အရေးအဖွဲ့များသည် မူးယစ်ရာဇာများ လက်တွင်းက စစ်တုရင်နယ်ရုပ်လေးများ ဖြစ်လာပြီဟု ဖိလစ်ပိုင်အစိုးရက မတ် ၂၆ ရက်တွင် စွပ်စွဲလိုက်သည်။

၂၀၁၆ ဇွန်အတွင်း ရာထူးစတင်ယူချိန်မှစကာ သမ္မတ ဒူတာတေး ဆင်နွှဲခဲ့သော မူးယစ်စစ်ပွဲအတွင်း ရဲစစ်ဆင်ရေးများဝယ် လူပေါင်း ၄၀၀၀ သေဆုံးကြောင်း တရားဝင် နောက်ဆုံး ထုတ်ပြန်ချက်များက ဖော်ပြပြီး အခြားအမည်မဖော်အုပ်စုများ၏ သတ်ဖြတ်မှုများကြောင့် ၃၀၀၀ သေဆုံးကြောင်း သိရသည်။

“အစိုးရက လုပ်ဆောင်နေတဲ့ မူးယစ်စစ်ကို အဟန့်အတား ဖြစ်စေအောင် အချို့သော လူ့အခွင့်အရေးအုပ်စုတွေဟာ မူးယစ်ရာဇာတွေရဲ့ လက်ကိုင်တုတ်အဖြစ်ကို ဘုမသိဘမသိ ရောက်နေကြပြီ။”ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဟာလီရုက ထုတ်ပြန်သည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နှင့် အခြားသော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် မူးယစ်စစ်ပွဲကို ရှုတ်ချကြပြီး သမ္မတ ဒူတာတေးအား နိုင်ငံတကာရာဇဝတ်မှုခုံရုံး တင်နိုင်ရေး တောင်းဆိုကြသည်။

ဟာလီရုအနေဖြင့် အဆိုပါ အဖွဲ့အစည်းများကို အမည်ထုတ်ဖော်မပြောဘဲ မူးယစ်စစ်ပွဲကို ဆန့်ကျင်ပြီး ထိုးနှက်တိုက်ခိုက်မှုများသည် ပြင်းထန်ကာ မနားတမ်းဘဲ ဖြစ်နေကြောင်း ညည်းညူပြောဆိုသည်။
“မူးယစ်နယ်ပယ်အရေးမှာ ခုလိုပဲ ဆက်ဖြစ်နေရင် ဒီမူးယစ်ရာဇာတွေက အစိုးရကို  ဆန့်ကျင်တဲ့ မတည်ငြိမ်အောင် လုပ်ဆောင်မှုကို မူးယစ်ဆေးဝါးကို အရင်းခံပြီး ရန်ပုံငွေ အလွယ်တကူ   ထောက်ပံ့လာနိုင်တယ်။”ဟု ၎င်းက ခိုင်မာသည် သက်သေမပြဘဲ စွပ်စွဲ ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly