ကိုရီးယားစစ်ပွဲအတွင်း သေဆုံးခဲ့သည့် တရုတ်စစ်သားများ၏ အရိုးစုများကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်

ကိုရီးယားစစ်ပွဲအတွင်း သေဆုံးခဲ့သည့် တရုတ်စစ်သားများ၏ အရိုးစုများကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်

 

မတ် ၂၆ ။                 ။ ကိုရီးယားစစ်ပွဲအတွင်း သေဆုံးသွားခဲ့သည့် တရုတ်စစ်သားများ၏ ကြွင်းကျန်ရစ်သော အရိုးစုများကို ယခုအခါ မိခင်နိုင်ငံ တရုတ်သို့ ပြန်လည်ပို့ဆောင်ပေးရန် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိသည်။

ယခုအခါ ကျဆုံးတရုတ်စစ်သည်များ၏ အရိုးစုများကို အခေါင်းများတွင်းသို့ ထည့်ကာ မိခင်နိုင်ငံသို့ ပြန်ပို့ပေးသွားတော့မည်ဖြစ်သည်။

ယခုကဲ့သို့ တရုတ်သို့ ပြန်ပို့မည့် တရုတ်စစ်သား ကြွင်းကျန်အရိုးစုများကို ယမန်နှစ် မတ်လ နှင့် နိုဝင်ဘာလအကြားတွင် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ရှာဖွေတွေ့ရှိထားခဲ့ခြင်း ဖြစ်သည်။

ကိုရီးယားစစ်ပွဲအတွင်း သေဆုံးခဲ့သည့် တရုတ်စစ်သားများ၏ ကြွင်းကျန်အရိုးစုများကို လူသားချင်းစာနာမှုကို လိုက်နာသောအားဖြင့် မူလနိုင်ငံသို့ ပြန်ပို့ပေးရေး  ၂၀၁၄ ခုနှစ်က တရုတ်နှင့် တောင်ကိုရီးယားအကြား သဘောတူညီထားခဲ့ပြီး ဖြစ်သည်။

ယင်းနောက် ၂၀၁၄ ခုနှစ်အတွင်း စစ်သား ၄၃၇ ဦးနှင့် ၂၀၁၅ တွင် စစ်သား ၆၈ ဦးတို့၏ အရိုးစုများကို တရုတ်သို့ ပြန်ပို့ပေးထားခဲ့ပြီ ဖြစ်သည်။

၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအတွင်း အမေရိကန်နှင့် အခြားနိုင်ငံ ၂၀ တို့က တောင်ကိုရီးယားဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တရုတ်တို့က မြောက်ကိုရီးယားဘက်က တိုက်ခိုက်ပေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly