ယီမင်သူပုန်များ ဒုံးကျည်ပစ်ခတ်မှုများကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးဟု ဆော်ဒီ ပြော

ယီမင်သူပုန်များ ဒုံးကျည်ပစ်ခတ်မှုများကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးဟု ဆော်ဒီ ပြော

 

ရီယတ်၊ မတ် ၂၆ ။                ။ အိမ်နီးချင်း ယီမင်နိုင်ငံမှ မတ် ၂၅ ရက်တွင် ဒုံးကျည်ပစ်လွှတ်မှုများအတွင်း ထိခိုက်ခဲ့ရခြင်း ဖြစ်သည်ဆိုသော ပျက်စီးဆုံးရှုံးမှုကို ဆော်ဒီအာရေဗျ Al Ekhbariya ရုပ်သံက ထုတ်လွှင့်ပြသည်။

ယီမင်ရှိ ရှီယိုက်သူပုန်များက ယီမင်တွင် ဆော်ဒီအာရေဗျ ဦးဆောင်ဆင်နွှဲနေသော စစ်ပွဲ တတိယနှစ်ပတ်လည်အဖြစ် ဒုံးကျည်များ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တစ်ခုသော ဒုံးကျည် အပိုင်းအစက ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်သို့ ကျရောက်ခဲ့ကာ လူတစ်ဦးသေဆုံးလျက် နှစ်ဦးဒဏ်ရာရကြောင်း သိရသည်။

ယီမင်သူပုန်များ၏ ဒုံးကျည်ပစ်ခတ်မှုများကြောင့် ဘုရင့်နိုင်ငံ ဆော်ဒီတွင် သေဆုံးမှုများ ယခင်က ရှိထားသော်လည်း ယခု သေကျေပျက်စီးမှုသည် ၂၀၁၅ ခုနှစ် မတ်လက စတင်သော ယီမင်တွင် ဆော်ဒီဦးဆောင်သည့် စစ်ပွဲနောက်ပိုင်း ရီယတ်မြို့တော်၌ ပထမဆုံး သေကျေပျက်စီးမှုလည်း ဖြစ်သည်။

ဟူသီသူပုန်များက ၎င်းတို့သည် ရီယတ်ရှိ King Khalid International Airport လေဆိပ်နှင့် အခြားနေရာများသို့ ပစ်မှတ်ထား ဒုံးကျည်တိုက်ခိုက်ကြောင်း၊ အိမ်နီးချင်း ဘုရင့်နိုင်ငံ ဆော်ဒီအာရေဗျအတွင်းထိ တိုက်ခိုက်မှုများ လုပ်ကာ ၎င်းတို့၏ စွမ်းရည်ကို ပြသဦးမည်ဖြစ်ကြောင်း ကြေညာသည်။

အာရပ်ကမ္ဘာ၏ အဆင်းရဲဆုံး ယီမင်နိုင်ငံတွင် သောင်မတင်ရေမကျ စစ်ပွဲဖြစ်ပွားနေသည့်ကြားမှ ယခုကဲ့သို့ ဟူသီသူပုန်များက တိုက်ခိုက်လာခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags