မြောက်ကိုရီးယားတို့၏ တံခါးပိတ်ဝါဒသည် နျူကလီးယားအရေးဆွေးနွေးမှုကို ခက်ခဲစေသည်ဟု အိုဘားမား ပြောဆို

မြောက်ကိုရီးယားတို့၏ တံခါးပိတ်ဝါဒသည် နျူကလီးယားအရေးဆွေးနွေးမှုကို ခက်ခဲစေသည်ဟု အိုဘားမား ပြောဆို

တိုကျို၊ ဂျပန်၊ မတ် ၂၅ ။            ။ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက မြောက်ကိုရီးယားတို့၏ တံခါးပိတ်ဝါဒကျင့်သုံးမှုနှင့် တစ်သီးတစ်သန့်နေထိုင်မှုကြောင့် ၎င်းတို့နှင့် နျူကလီးယားလက်နက်အရေး စေ့စပ်ညှိုနှိုင်းရာတွင် ခက်ခဲလှ ကြောင်း ဂျပန်နိုင်ငံသို့ရောက်ရှိစဉ် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ဒါ့အပြင် အိုဘားမားက မြောက်ကိုရီးယားတို့အနေဖြင့် အခြားနိုင်ငံတစ်နိုင်ငံကိုတိုက်ခိုက်လာခဲ့ပါက အမေရိကန် ပြည်ထောင်စုအနေဖြင့် မိမိကိုယ်ကိုသာမက မိမိတို့၏မဟာမိတ်များဘက်မှ ခုခံကာကွယ်သွားမည်ဟု ဖြည့်စွက် ပြောဆိုခဲ့ပြီး လူ့အသက်များဆုံးရှုံးရခြင်းသည်လည်း ထည့်တွက်ရမည့် အရေးပါသော ကိစ္စရပ်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ဆက်လက်ပြီး အိုဘားမားသည် ရုရှားသမ္မတဗလာဒီမာပူတင်အကြောင်းနှင့် နျူကလီးယားလက်နက် ထိန်းချုပ် ရေးကိစ္စတို့ကိုပြောဆိုခဲ့သလို ရုရှားတို့ဘက်မှ ပူးပေါင်းပါဝင်ခြင်းမရှိပဲ အမေရိကန်ပြည်ထောင်စုအနေဖြင့် နျူကလီးယားအင်အားများကို တစ်ဖက်သတ်လျှော့ချရမည်ဆိုခြင်းမှာ ခက်ခဲလှသောကိစ္စရပ်ဖြစ်သည်ဟုလည်း ပြောခဲ့သည်။

ထို့နောက် အမေရိကန်ပြည်ထောင်စု၌ စနေနေ့တွင်ပြုလုပ်လျက်ရှိသော ဆယ်ကျော်သက်များနှင့် ပြည်သူများ သိန်းနှင့်ချီ၍ပါဝင်သော သေနတ်ကိုင်ဆောင်မှုဆန့်ကျင်သည့် ဆန္ဒပြပွဲနှင့်ပက်သက်၍လည်း အိုဘားမားက ထောက်ခံပြောဆိုခဲ့သည်။

ယင်းဆန္ဒပြပွဲသည် အမေရိကန်၌  ဗီယက်နမ်စစ်ပွဲနောက်ပိုင်း လူငယ်များဦးဆောင်သည့် အကြီးမားဆုံးသော ချီတက်ဆန္ဒပြပွဲကြီးလည်းဖြစ်သည်။

အိုဘားမားသည် အဆိုပါမှတ်ချက်များကို ဂျပန်နိုင်ငံရှိအဖွဲ့အစည်းတစ်ခုမှကြီးမှူးပြီး တိုကျိုမြို့တွင်ကျင်းပသည့် အခမ်းအနားတစ်ခုတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

အိုဘားမားသည် အာရှခရီးစဉ်အဖြစ် ဂျပန်နိုင်ငံသို့ရောက်ရှိနေပြီး စင်္ကာပူ၊ နယူးဇီလန်နှင့် သြစတြေးလျတို့သို့ လည်း သွားရောက်ခဲ့သည်။ သူသည် အမေရိကန်သမ္မတရာထူးသက်တမ်း ကုန်ဆုံးသွားပြီးကတည်းက လူငယ်ခေါင်းဆောင်များအား မြေတောင်မြှောက်ပေးခြင်းကိုသာ အာရုံစိုက်လုပ်ဆောင်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags