ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လာမည့်သူများကို ပြန်နေရာချထားပေးရန် မြန်မာဘက်က အသင့်ဖြစ်ပြီဟု ဆို

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လာမည့်သူများကို ပြန်နေရာချထားပေးရန် မြန်မာဘက်က အသင့်ဖြစ်ပြီဟု ဆို
Phto-AFP

မတ်၂၄ ။            ။ မြန်မာအစိုးရအနေဖြင့် ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာပါက လက်ခံရန် အဆင်သင့်ဖြစ်နေပြီ ဟု မတ်လ ၁၄ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ပြန်လာမည့်သူများသည် မြန်မာနိုင်ငံအတွင်းမှာ အမှန်တကယ်နေထိုင်သူ ဖြစ်ရမယ့်အပြင် အကြမ်းဖက် တိုက်ခိုက်သူများတွင် ပါဝင်ခဲ့သူ မဖြစ်ရဘူးဟု မြန်မာအစိုးရဘက်မှ ပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ မှ ပေးပို့ထားသည့် ဒုက္ခသည် ၈၀၃၂ ဦး စာရင်းထဲမှာ မြန်မာနိုင်ငံတွင် အမှန် တကယ် နေထိုင်ခဲ့သည့် ဘင်္ဂါလီ ဒုက္ခသည် စုစုပေါင်း ၅၅၆ ဦးအထိ ရှိလာပြီဖြစ်ပြီး မကြာသေးမီ လွှဲပြောင်း လက်ခံသွားနိုင်တော့မည်ဟု မျှော်မှန်းရသည်။

မူလက ဒုက္ခသည် ၃၆၃ ဦးကို မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း စိစစ်တွေ့ရှိခဲ့ပြီး ထပ်မံစိစစ်တွေ့ရှိသည့် ၁၉၃ ဦး စုစုပေါင်း ၅၅၆ ဦးအထိ ရှိလာပြီဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပေးပို့လာသည့် အဆိုပါ ဒုက္ခသည် ၈၀၃၂ဦး စာရင်းကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စစ်ဆေးနေခြင်းဖြစ်ပြီး ထပ်မံစစ်ဆေး အတည်ပြုနိုင်ခဲ့သည့် ဒုက္ခသည် ၁၉၃ ဦး၏ စာရင်းအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဆက်လက်ပေးပို့သွားမည်ဟု အစိုးရဖက်မှ သိရသည်။

ပြန်လည်ဝင်ရောက်လာမည့်သူများအား  တောင်ပြိုလက်ဝဲ နှင့် ငါးခူရ စိစစ်လက်ခံရေး စခန်းများမှတစ်ဆင့် လက်ခံသွားမည်ဖြစ်ပြီး ယင်းတို့အား လှဖိုးခေါင်ကြားစခန်း၌ ယာယီ နေထိုင်စေပြီးနောက် မူလနေရာများတွင် ပြန်လည် နေရာချထားပေးရန် မြန်မာအစိုးရက ပြင်ဆင်ထားသည်။

နှစ်နိုင်ငံသဘောတူညီချက်အရ ဇန်နဝါရီလ ၂၃ ရက်တွင် စတင်လက်ခံမည်ဟု ပြောဆိုထားသော်လည်း ယနေ့ အချိန်ထိ ဘင်္ဂါလီများ ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်အတွင်းမှ ပဋိပက္ခဖြစ်စဉ်များ ကြောင့်  နေရပ်စွန့်ခွာသူ ဘင်္ဂါလီ လူဦးရေ ၅ သိန်းကျော် ရှိနေသည် ဟု မြန်မာအစိုးရဘက်မှ ပထမဆုံး ထုတ်ပြောဆိုထားသည်။ ထွက်ပြေးလာသည့် ဒုက္ခသည်များသည် ၆ သိန်းကျော်ခန့် ရှိနေသည်ဟု ကုလသမဂ္ဂမှထုတ်ပြန်ထားပြီး မြန်မာအစိုးရဘက်မှ ထုတ်ပြန်သည့် လူဦးရေနှင့် ၁ သိန်းခန့် ကွာဟနေသည်။

မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ လူအစုလိုက်အပြုံလိုက် ထွက်ပြေးသွားရသည့် အကြောင်း အရင်းမှာ စိုးရိမ်ကြောက်လန့်စိတ်များကြောင့် ထွက်ပြေးသွားခဲ့ကြခြင်း ဖြစ်ပြီး အကြမ်းဖက်မှုတွင် ပါဝင်ခဲ့ခြင်းကြောင့်သော်လည်းကောင်း ၊ သံသယဖြင့်သော်လည်းကောင်း ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် ထွက်ပြေးခြင်းဖြစ်သည်ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းက ဆိုသည်။

“လက်ရှိ မောင်တောခရိုင်အတွင်းမှာနေထိုင်လျက်ရှိတာက ၄၆၉၆၆၅ ဦး ရှိပြီးတော့ နေရပ်စွန့်ခွာသွားတာ ၅၃၅၇၆၄ ဦး နေရပ်စွန့်ခွာသွားပါတယ်” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဆိုသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံ ရေးအတွက် ယာယီလက်ခံရေးစခန်းများ တည်ဆောက်လျက် ရှိရာ မောင်တောမြို့နယ် လှဖိုးခေါင်ယာယီ လက်ခံရေးစခန်း တည်ဆောက်မှုသည် ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်သောကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေပြီဟု မြန်မယအစိုးရဘက်မှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly