နုတ်ထွက်စာကို ဒေါ်အောင်ဆန်းစုကြည် လက်မခံသဖြင့် ပြန်လာခြင်းဟု ဦးဝင်းထိန်ပြော

နုတ်ထွက်စာကို ဒေါ်အောင်ဆန်းစုကြည် လက်မခံသဖြင့် ပြန်လာခြင်းဟု ဦးဝင်းထိန်ပြော

နေပြည်တော်၊ မတ်လ၂၄ ။            ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် အတွင်းရေးမှူး ဦးဝင်းထိန်သည် တရားဝင် နုတ်ထွက်စာတင်ထားသော်လည်း   ဒေါ်အောင်ဆန်းစုကြည်  လက်မခံသောကြောင့် ပြန်လာခြင်းဟု ပြောသည်။

“ နုတ်ထွက်စာတင်တာ မှန်တယ်။ ဒါပေမယ့် ဒေါ်စုက လက်မခံလို့ ပြန်လာရတာ။ ဒေါ်စုခေါ်လို့ ပြန်လာရတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

ယနေ့ မတ်လ ၂၄ ရက်၊ နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာဝင်းအတွင်း ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လစဉ်ပြုလုပ်သည့် ဗဟိုအလုပ်မှုဆောင်အစည်းအဝေးအပြီးတွင် ပြောခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ပြန်ရောက်လာချိန်တွင် ဦးဝင်းထိန်သည် နဂို မူလတာဝန်များကို ထမ်းဆောင်နေပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဆုံးဖြတ်ပြီးမှသာ ဆက်လက်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဦးဝင်းထိန်၏ ပါတီတွင်း ဆက်လက်ထမ်းဆောင်ရမည့် တာဝန်များကို ဗဟို အလုပ်မှုဆောင်အဖွဲ့ က ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပါတီ၏ တရားဝင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးမြင့်က ပြောသည်။

 “ကျွန်တေ်ာတို့ ဗဟိုအလုပ်မှုဆောင်အဖွဲ့က ဆက်လက်ပြီးဆုံးဖြတ်မှာ ၊ အခုထိတော့ ကျွန်တော်တို့ ဘာမှ တိတိကျကျ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။ သတင်းထုတ်ပြန်စရာ မရှိသေးပါဘူး။ ဘယ်တာဝန် ထမ်းဆောင်ရမယ်ဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ရဦးမှာပါ။ အခုလောလောဆယ်တော့ ကျွန်တေ်ာတို့ တိတိကျကျ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။ပြန်လည်ပြီးလာရောက်တယ် ကြိုဆိုတယ်။ ဒီလောက်ထိပဲ ပြောနိုင်ပါသေးတယ် ”ဟု ဒေါက်တာမျိုးမြင့်က ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် အတွင်းရေးမှူး ဦးဝင်းထိန်သည် ၂၀၁၈ခုနှစ် ဇန်နဝါရီလအတွင်းက ၎င်း၏သား မင်္ဂလာဆောင်ပြီးနောက်တွင် သြစတြေးလျနိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက်ပိုင်းတွင် နုတ်ထွက်စာတင်ခဲ့သော်လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က လက်မခံသည့်အတွက် ပြန်လာခဲ့ရကြောင်း သိရသည်။

နှုတ်ထွက်စာတင်ခဲ့ရခြင်း အကြောင်းနှင့်ပတ်သတ်ပြီး ဦးဝင်းထိန်က “အသက်၈၀နားကပ်နေပြီ၊ သေခါနီးနေပြီ ။ ဘာလို့လဲဆိုတော့ ဒီမှာတွေ့တဲ့လူတိုင်းလူတိုင်း သတင်းထောက်တွေ အပါအဝင် ကိုယ့်ပါတီကကော တခြားတွေကကောတွေ့တဲ့ အခါမှာ ပြသနာတွေကြီးပဲ ။ အဲ့ပြသနာတွေကို ပြောရ ရှင်းရတဲ့အခါမှာ ဒေါသထွက်တယ်။ ပြောရတယ်။ဆိုရတယ်။ဟိုမှာရောက်တော့ ကိုယ့်ဟာကိုယ် ပြန်စဉ်းစားကြည့်တော့ ဟာဒီမှာ အကုသိုလ် အရမ်းများတယ်။မတော်တဆ တစ်ခုခုဖြစ်သွားရင် အပယ်လားမှာ ။ အဲ့ကြတော့ အပယ်တော့ မလားမခံနိုင်ဘူး။ထွက်မယ်ဆိုပြီးတော့မှ ဘာမှ မပြောဘဲ ထွက်သွားတာ”ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူးအဖွ့ဲဝင် ဦးဝင်းထိန် သည် မြန်မာနိုင်ငံသို့ မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီ ခွဲ ခန့်တွင် စင်ကာပူလေကြောင်းဖြင့် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။

ယနေ့ စီအီးစီအစည်းအဝေးအရ NLD ၏ တရားဝင် ပြောရေးဆိုခွင့်ရှိသူ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် နှင့် ဒေါက်တာ မျိုးမြင့် ဟု သတ်မှတ်လိုက်ပြီး ယခင်က ဦးဉာဏ်ဝင်းနှင့် မုံရွာအောင်ရှင်တို့ကို ပြောရေးဆိုခွင့်ရှိသူများ အဖြစ် သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags