သြစတြေးလျအနောက်ပိုင်းမှာ ဝေလငါးအကောင်ရေ ၁၅၀ ကျော် ကမ်းတင်မှု ဖြစ်ပွား

သြစတြေးလျအနောက်ပိုင်းမှာ ဝေလငါးအကောင်ရေ ၁၅၀ ကျော် ကမ်းတင်မှု ဖြစ်ပွား

မတ် ၂၃ ။            ။ သြစတြေးလျနိုင်ငံ အနောက်ပိုင်း ပါ့သ်မြို့ တောင်ဘက် ၃၁၅ ကီလိုမီတာအကွာ ဟမ်မယ်လင်း ပင်လယ်အော်မှာ မတ်လ ၂၃ ရက်က ဝေလငါး ကောင်ရေ ၁၅၀ လာရောက်ကမ်းတင်နေတာကို တွေ့ခဲ့ရလို့ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြရပါတယ်။

အဆိုပါ နို့တိုက်သတ္တဝါတွေကတော့ ဆူးတောင်တို ရေကြောင်းလမ်းပြ ဝေလငါးတွေ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

ခုလို ဝေလငါးတွေ အများအပြား လာရောက်ကမ်းတင်နေတာကို ယင်းနေ့ မနက်အစောပိုင်းက ငါးဖမ်းသမားတစ်ဦးကနေ ပထမဆုံး စတွေ့ခဲ့တာဖြစ်ပါတယ်။

ယင်းနောက် အချိန်အနည်းငယ်အကြာမှာပဲ ဝေလငါး ၁၅၀ အနက် ၁၃၅ ကောင် သေဆုံးသွားခဲ့တယ်လို့ သိရပြီး ကောင်ရေ ၁၅ ကောင်သာ အသက်ရှင်လျက် ရှိတော့တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးသမားတွေကတော့ ယင်းအသက်ရှင်ဆဲ ဝေလငါးတွေကို ပင်လယ်ထဲ ပြန်ပို့ဖို့ ကြိုးပမ်းနေလျက်ရှိပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ခုလို ဝေလငါးတွေ အမြောက်အမြား ကမ်းလာတင်မှုနဲ့အတူ ပင်လယ်သမုဒ္ဒရာ သားစားသတ္တဝါကြီးတွေပါ ရောက်လာနိုင်တဲ့အတွက် သြစတြေးလျ ငါးဖမ်းဌာနကတော့ ငါးမန်းအန္တရာယ်သတိပေးချက်တစ်ခုကိုပါ ထုတ်ပြန်ထားရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly