ယုံကြည်မှုအကြီးအကျယ် ချိုးဖောက်ခံရခြင်းအတွက် ဖေ့ဘုတ်တည်ထောင်သူ မက်ဇူကာဘတ် တောင်းပန်

ယုံကြည်မှုအကြီးအကျယ် ချိုးဖောက်ခံရခြင်းအတွက် ဖေ့ဘုတ်တည်ထောင်သူ မက်ဇူကာဘတ် တောင်းပန်

ဆန်ဖရန်စစ္စကို၊ မတ် ၂၃ ။           ။ လူမှုမီဒီယာကြီး ဖေ့ဘုတ်တွင် အချက်အလက်အရှုပ်တော်ပုံ ဖြစ်ပွားပြီးနောက် တည်ထောင်သူ မက်ဇူကာဘတ်က နှုတ်ဆိတ်မနေတော့ဘဲ ဖေ့ဘုတ်သုံးစွဲသူပေါင်း   နှစ်ဘီလီယံ၏ ယုံကြည်မှု အကြီးအကျယ် ချိုးဖောက်ခံရခြင်းအတွက် တောင်းပန်စကားပြောကြားပြီး နောက်တစ်ကြိမ်အမှား ထပ်မဖြစ်စေရကြောင်း အခိုင်အမာပြောသည်။

ဒေါ်နယ်ထရမ့်၏ ၂၀၁၆ မဲဆွယ်စည်းရုံးပွဲနှင့် ချိတ်ဆက်မှုရှိသော ဗြိတိသျှကုမ္ပဏီတစ်ရပ်က ဖေ့ဘုတ်သုံးစွဲသူ သန်း ၅၀ ၏ အချက်အလက်များကို ရယူခဲ့ခြင်းနှင့် ပတ်သက်သည့် သတင်းများ အုတ်အော်သောင်းနင်းဖြစ်ပြီးနောက် ယခုကဲ့သို့ ဇူကာဘတ်က လူသိရှင်ကြား  တောင်းပန်စကားပြောကြားခြင်းဖြစ်သည်။

“မစွမ်းဆောင်နိုင်ခဲ့ဘူးဆိုရင် ကျွန်တော်တို့က မယုံကြည်ထိုက်သူတွေ ဖြစ်မှာပါ။”ဟု ဇူကာဘတ်က ပြောသည်။

ဖေ့ဘုတ်အနေဖြင့် အချက်အလက်များထဲ ဝင်ရောက်သော အက်ပရီကေးရှင်းတိုင်းကို စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ သံသယဖြစ်ဖွယ် တစ်စုံတစ်ခု တွေ့ရှိပါက အပြည့်အ၀ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒါဟာ တကယ်ကို ယုံကြည်မှု အကြီးအကျယ် ချိုးဖောက်ခံရခြင်းပါ။ ဒီအတွက် ကျွန်တော်အမှန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။”ဟု CNN နှင့် ရုပ်သံအင်တာဗျူးတွင် ဇူကာဘတ်က ပြောခဲ့သည်။

သုတေသီ Aleksandr Kogan ထုတ်လုပ်သည့် အက်ပရီကေးရှင်းတစ်ခုမှနေ၍ ဖေ့ဘုတ်သုံးစွဲသူ သန်းပေါင်းများစွာ၏ အချက်အလက်များကို ဗြိတိသျှအကြံပေးကုမ္ပဏီ Cambridge Analytica က ရယူနိုင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly