မောတောင်တွင် ဆီအုန်းကုမ္ပဏီဆယ်ဘီးတပ်ကားတစ်စီး တိမ်းမှောက်ပြီး လူ ၁၅ ဦးဒဏ်ရာရ

မောတောင်တွင် ဆီအုန်းကုမ္ပဏီဆယ်ဘီးတပ်ကားတစ်စီး တိမ်းမှောက်ပြီး လူ ၁၅ ဦးဒဏ်ရာရ

 မောတောင်၊ မတ်လ ၂၂ ။                     ။ မြန်မာ- ထိုင်း နယ်စပ်မြို့ဖြစ်သော မောတောင်မြို့တွင် မတ်လ ၂၁ ရက်နေ့က ဆီးအုန်းကုမ္ပဏီတစ်ခု၏ လုပ်ငန်းသုံး မော်တော်ယာဉ်ကား တစ်စီး တိမ်းမှောက် ဖြစ်ပွားရာ အလုပ်သမား ၁၅ဦးခန့် ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း ယင်း မြို့၏ ဒေသခံများထံမှ သိရသည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ မောတောင်မြို့ အမှတ် ၆ ရပ်ကွက်တွင် မတ်လ ၂၁ ရက်နေ့ မွန်းလွှဲပိုင်း ၁ နာရီခန့်အချိန်တွင် ပြည်ဖြိုးထွန်း ဆီအုန်းကုမ္ပဏီမှ ဆယ်ဘီးတပ် လုပ်ငန်းသုံး မော်တော်ယာဉ် ကားဖြင့် အလုပ်သမားများကို အကြို/ ပို့ ပြုလုပ်ရာမှ တောင်ကုန်အတက်တွင် ကားဘီး ပြုထွက်၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကားမှောက်တာက ဆီအုန်းကမ္ပဏီက အလုပ်သမားတွေကို ကြို/ ပို့ လုပ်ရင် မှောက်တယ်လို့ သိရပါတယ်၊ အလုပ်သမား ၁၅ ယောက်လောက် ထိခိုက် ဒဏ်တွေရထားပါတယ်၊   ဒေသခံတွေ ပြောချက်အရကတော့ စိုးရိမ်ရတယ် ပြောပါတယ်၊ အခု လက်ရှိတော့ အလုပ်သမား လူနာတွေကို ထိုင်းနိုင်ငံဘက်ရှိ ဆေးရုံမှာ တင်ပို့ ဆေးကုထားတယ်”လို့ မောတောင်မြို့ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ပြောကြားသည်။

ပြည်ဖြိုးထွန်း ဆီအုန်းကုမ္ပဏီ၏ လုပ်ငန်းသုံး ဆယ်ဘီတပ် မော်တော်ယာဉ်သည်၊ အမှတ် ၆ ရပ်ကွက်ရှိ တောင်ကုန်း တက်ရာတွင် ကားနောက်ဘီး ပြုတ်ထွက်၍ ကားလမ်းနံဘေး ချောင်းထဲသို့ ပြုတ်ကျပြီး၊ အလုပ်သမား ၁၅ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။

 “ ဟုတ်ပါတယ်၊ မောတောင်မှာ ကားတိမ်းမှောက်မှု ဖြစ်ပွားတာ ကျွန်တော်တို့ ကုမ္ပဏီက ကားပါ၊ ထိခိုက်ဒဏ်ရာရထားတဲ့ အလုပ်သမားတွေကို ထိုင်းနိုင်ငံ ပရာကျွတ်ဆေးရုံမှာ ဆေးကုသခံယူဖို့ တင်ပို့ထားပါတယ်၊ လူနာတွေကတော့ လက်ရှိအချိန်မှာ စိုးရိမ်စရာ မရှိတော့ဘူး’’ ဟု ပြည့်ဖြိုးထွန်း ဆီအုန်းကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူများအား ထိုင်းနိုင်ငံ ပရာကျွတ်ဆေးရုံသို့ ဆေးကုသခံယူရန် တင်ပို့ထားကြောင်း မောတောင်ဒေသခံများထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly