ရှာပုံတော် ဘီလူးကြီးဂူးဂဲလ်က ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ကုလားဖန် ထိုးနိုင်ဟု သုတေသီ တစ်ဦးပြောကြား

ရှာပုံတော် ဘီလူးကြီးဂူးဂဲလ်က ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ကုလားဖန် ထိုးနိုင်ဟု သုတေသီ တစ်ဦးပြောကြား
ဓာတ်ပုံ - fox13now.com

စရိုက်သုတေသနနှင့် နည်းပညာဆိုင်ရာ အမေရိကန်အင်စတီကျုမှ အကြီးတန်းသုတေသန စိတ်ပညာရှင် ရောဘတ်အက်စတိန်း၏ ပြောကြားချက်အရ ကမ္ဘာ့အသုံးအများဆုံး ရှာပုံတော်အင် ဂျင်ကြီးမှာ သြဇာကြီးမားလွန်းလှပြီး နိုင်ငံတော်ရွေးကောက်ပွဲများမှာ အမှားအယွင်း မခံသောကြောင့် ဂးူဂဲလ်၏ လျှို့ဝှက် တွက်ထုတ်မှုအစဉ်တွင် ပါးပါးလေး ကစားလိုက်ရုံဖြင့် ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲကို တိမ်းညွှတ်မှုအရွေ့ ပြောင်းသွားစေနိုင်သည်ဟု ဆိုသည်။

Politico.com မှ အယ်ဒီတာ့အာဘော်တွင် အက်စတိန်းက သူနှင့် သုတေသီအဖွဲ့တစ်ဖွဲ့မှာ ကုလားဖန် ထိုးထားသည့် ရှာပုံတော်ရလဒ်များနှင့် ထိတွေ့နေရသည့် ကြိုတင်မခန့်မှန်းနိုင်သော မဲဆန္ဒရှင်များ၏ စရိုက်လက္ခဏာကို လေ့လာခဲ့ကြသည်ဟု ပြောကြားသည်။ တစ်ယောက်သော သမ္မတလောင်းကို ဇောင်းပေး မီးမောင်းထိုးပြထားသည့် ရလဒ်များကို ဖော်ပြခြင်းအားဖြင့် သုတေသီ များ၏ အာရုံမှာ ထိုသမ္မတလောင်းထံသို့ ပြောင်းရွှေ့သွားနိုင်သည်ဟု ဆိုသည်။

ဂူးဂဲလ်တွင် ၁၅ မိနစ်တာမျှ ရှာပုံတော်ဖွင့်ရုံကလေးနှင့် သမ္မတလောင်းတစ်ယောက်၏ လူကြိုက်များမှုနှုန်းမှာ ၃၇ ရာခိုင်နှုန်းနှင့် ၆၃ ရာခိုင်နှုန်းကြားအထိ မြင့်တက်သွားသည်ဟု ဆိုသည်။ ဤကျပန်း စမ်းသပ်မှုတွင် အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယတို့မှ ကြိုတင်မခန့်မှန်းနိုင်သည့် မဲဆန္ဒရှင် ၄,၅၀၀ ပါဝင်ခဲ့သည်။   

ရှာပုံတော်ဘီလူးကြီး ဂူးဂဲလ်၏ ပြောခွင့်ရ အမျိုးသမီးတစ်ယောက်ကမူ ကုမ္ပဏီ၏ တွက် ထုတ်မှုအစဉ်မှာ သင့်လျော်ဆက်စပ်သည့် အဖြေများကို ထုတ်ပေးရန်သာ ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး တစ်ခုကို အခြားတစ်ခုထက် ပိုဇောင်းပေးရန် ကုလားဖန် ထိုးလိုက်ပါက ကုမ္ပဏီ၏ ရလဒ်များအပေါ် လူထု၏ ယုံကြည်ကိုးစားမှုကို ဖျက်ဆီးရာ ရောက်လိမ့်မည်ဟု ပြောကြားသည်။

အက်စတိန်းကမူ ဂူးဂဲလ်၏ တုန့်ပြန် ဖြေကြားချက်မှာ အဓိပ္ပာယ်မဲ့လွန်းလှသည်ဟု ဆိုသည်။ “ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ မေးခွန်းတွေအတွက် သင့်လျော်တဲ့အဖြေကို ထုတ်ပေးတာက ရှာပုံတော် အစီအစဉ်မှာ သမ္မတလောင်းတစ်ယောက်ကို အခြားတစ်ယောက်ထက် ဇောင်းပေးတဲ့ ဖြစ်နိုင်ခြေကို ဘယ်လို ပယ်ဖျက်နိုင်မှာတဲ့လဲ။ ဂူးဂဲလ်ရဲ့ ပြောဆိုချက်က သူဟာ ချိန်ခွင်လျှာပေါ် လက်တင်ထား တယ်ဆိုတဲ့ အချက်ကို ဘူးခံနေတာပါပဲ” ဟု အက်စတိန်းက အယ်ဒီတာ့အာဘော်တွင် ပြောကြားသည်။   

သမ္မတအိုဘားမားမှာ ၂၀၁၂ ရွေးကောက်ပွဲကို ၃ ဒသမ ၉ ရာခိုင်နှုန်းဖြင့်သာ ကပ်၍ အနိုင်ရခဲ့ပြီး ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာလည်း အလားတူ မပြတ်မသား ဆုံးဖြတ်ရခက် မည်ဖြစ်သောကြောင့်ရွေးကောက်ပွဲ၏ အတိမ်းအရွေ့မှာ ဂူးဂဲလ်၏ ထိန်းချုပ်မှုအတွင်း ရှိနေသည်ဟု သုတေသနက သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly