အိန္ဒိယတွင် တည်ဆောက်ထားသော မီးရထားစက်ခေါင်း ၁၈ တွဲ လွှဲပြောင်းပေးအပ်

အိန္ဒိယတွင် တည်ဆောက်ထားသော မီးရထားစက်ခေါင်း ၁၈ တွဲ လွှဲပြောင်းပေးအပ်

 

မတ်လ ၁၉ ။              ။ အိန္ဒိယ (LOC) ချေးငွေဖြင့် ဝယ်ယူထားသော မီးရထားစက်ခေါင်း ၁၈ တွဲကို ယနေ့ မတ်လ ၁၉ ရက်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့ အိန္ဒိယမှ  လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနှင့် မြန်မာအကြား မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအရ အဆိုပါ စက်ခေါင်းများအပါအဝင် မြန်မာ့မီးရထားအခြေခံအဆောက်အအုံ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးတို့အတွက် အိန္ဒိယ LOC ချေးငွေ ဒေါ်လာ သန်း ၂၀၀ ကျော်ထဲမှ ဆောင်ရွက်ခဲ့ ခြင်း ဖြစ်သည်။

အိန္ဒိယ Varanasi မြို့ရှိ DLW စက်ရုံတွင် ထုတ်လုပ်ခဲ့သော ယင်း စက်ခေါင်းများကို  မတ်လ ၁၉ ရက်တွင် နေပြည်တော်၌ အိန္ဒိယ မီးရထားဝန်ကြီးဌာန ဒုဝန်ကြီး Mr. Rajen Gohain က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

 မီးရထားစက်ခေါင်းတွဲ ၇၈ တွဲ၊ လူစီးတွဲ ၅၆ တွဲ၊ ကုန်တွဲ ၂၅၀ တို့ပါဝင်သည့် အရေတွက်မြောက်မြားစွာသော မီးရထားတွဲများ၊ အခြား သက်ဆိုင်သည့် တပ်ဆင်အစိတ်အပိုင်းပစ္စည်းများ၊ စက်အစိတ်အပိုင်းများကို အိန္ဒိယဘက်က ထောက်ပံ့ပေးထားသည်ဟု အိန္ဒိယသံရုံး၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့မီးရထားအနေဖြင့် တရုတ်နိုင်ငံနှင့်လည်း ပူးပေါင်းလုပ်ဆောင်နေပြီး နေပြည်တော်မီးရထားစက်ခေါင်း စက်ရုံတွင် အမြန်နှုန်း ၇၀ မိုင်အထိ ပြေးဆွဲနိုင်မည့် ဒီဇယ်မီးရထားစက်ခေါင်း ၁၀ ခုကို ၂၀၁၈ ခုနှစ်အကုန်တွင် အပြီးတည်ဆောက်သွားမည်ဟု မြန်မာ့မီးရထားဘက်မှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly