မြန်မာနုုိင်ငံသား နှစ်ဦး၏ အမှုတွင် တရားလုုိပြ သက်သေ ၃ ဦးကုုိ ထပ်မံစစ်ဆေးရာမှာလည်း ခုုိင်လုံုမှုမရှိသေး ဟုဆို

မြန်မာနုုိင်ငံသား နှစ်ဦး၏ အမှုတွင် တရားလုုိပြ သက်သေ ၃ ဦးကုုိ ထပ်မံစစ်ဆေးရာမှာလည်း ခုုိင်လုံုမှုမရှိသေး ဟုဆို

ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား နှစ်ဦး၏ အမှုတွင် တရားလိုပြ သက်သေ ၃ ဦးကို ထပ်မံစစ်ဆေးရာမှာလည်း ခိုင်လုံမှုမရှိသေးကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

သြဂုတ် ၂၇ ရက်က ကော့စမွေ တရားရုံးတွင် တရားလိုပြ သက်သေအဖြစ် ထိုင်းမှုခင်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီး သုံးဦးကို စစ်ဆေးခဲ့ရာ ၎င်းတို့၏ ထွက်ဆိုချက်များသည် ကွဲလွဲမှုများ ရှိနေသည်ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

“သက်သေအဖြစ် ထွက်ဆိုတဲ့ ၃ ဦးထဲက ဒုတိယရဲမှူးကြီးက အမှုမှာ အဓိက စစ်ပေးသူ ဖြစ်တဲ့အတွက်  သူ့ထွက်ချက်တွေ ကွဲလွဲနေတော့ အမှုနဲ့ပတ်သက်လို့ အားနည်းနေတာ တွေ့ရတယ်။ ရဲမှူးကြီး ထွက်ချက်မှာဆိုရင် ကွဲလွဲချက်က ငါးချက် တွေ့ရတယ်” ဟု ရှေ့နေကြီးက ပြောသည်။

သေဆုံးသူများနှင့် ပတ်သက်၍ အင်္ဂလန် သံရုံးမှတစ်ဆင့် သေဆုံးသူများ၏ မိသားစုထံသို့ ဖုန်းဖြင့် အကြောင်းကြားမှု မှတ်တမ်းဓာတ်ပုံများ မပြနိုင်ခြင်း၊ မောင်မောင်ဆိုသူသည်လည်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော်လည်း လဝက ဥပဒေဖြင့် တရားစွဲဆိုမှု မရှိဘဲ ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့ကိုမူ လဝက ဥပဒေဖြင့် တရားစွဲဆိုထားခြင်းများ အပါအဝင် ကွဲလွဲမှု အချက် ၅ ချက်တွေ့ရ သည်ဟု ၎င်းက ပြောသည်။

“ ရဲမှူးကြီးက အန်နာဆိုတဲ့ သေတဲ့လူရဲ့ မျက်နှာပေါ်မှာ ပုဝါအစိမ်းနုရောင်ကို တွေ့လားလို့ မေးတော့ မတွေ့လိုက်ရဘူးလို့ ပြောတယ်။ ဒီကလေးတွေ ဖြောင့်ချက်ယူတုန်းက ပုလင်းနဲ့ ရိုက်ပါတယ် ဆိုတာ ပါတယ်။ ဒါပေမဲ့လည်း ပေါက်တူးနဲ့ ပေါက်သတ်တယ်ဆိုတဲ့ အချက်က ပိုပြီးတော့ ထင်ရှားလို့ ပုလင်းနဲ့ ရိုက်သတ်တယ် ဆိုတာ မရေးဘဲနဲ့ ပေါက်တူးနဲ့ သတ်ပါတယ်ဆိုပြီးတော့ အကြောင်းအရာဖော်ရေး တယ်။ သေတဲ့ လူတွေရဲ့ အနားမှာ ဖန်ကွဲစတွေ တွေ့တယ် ဆိုတာလည်း ထွက်ဆိုထားတယ်။

“နောက်ပြီး ပြေးနေတဲ့ ဝေဖြိုးရဲ့ ပုံမှာ သေတဲ့လူတွေကို သတ်ပြီးတဲ့ အချိန်ကျမှ ဘောင်းဘီ အရှည်ကနေ အတို လဲပြီးတော့ ဖိနပ် ပျောက်လို့ ပြေး ရှာတယ် ဆိုပြီးတော့ ထွက်ဆိုတယ်။ လူသတ်သမား တယောက်က သတ်ပြီး ဘောင်းဘီလဲပြီး ဖိနပ်ရှာတယ်ဆိုတာ ဖြစ်နိုင်မလား။ အဲဒီလို ကွဲလွဲချက်တွေ များတော့ ဒီအမှုက တော်တော်လေးကို မခိုင်လုံတဲ့ စွဲချက်တွေ တွေ့ရ တယ်လို့ ပြောချင်တာပါ” ဟု ၎င်းက ပြောသည်။

ရဲမှူးကြီးက ထွက်ဆိုရာတွင် ဖြောင့်ချက်ယူစဉ်က ကိုဇော်လင်းက အင်္ဂလိပ်လို နားလည်သဖြင့် ဘာသာပြန် မသုံးဘဲ ယူခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ သို့သော် ယခင်ရက်များတွင် ရဲမှူးကြီးတစ်ဦး ထွက်ဆိုရာ ၌ ဘာသာပြန် ခမာ ဆိုသည့် ဘာသာပြန်ရှိသည်ဟု ထွက်ဆိုထားသဖြင့် ကွဲလွဲမှုများ ရှိနေသည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ထို့ပြင် ကိုဝေဖြိုးအား ဖြောင့်ချက်ယူစဉ် သက်သေအဖြစ် ထိုင်နားထောင်သည့် ရဲမှူးတစ်ဦးကလည်း ကိုဝေဖြိုးက ဝန်ခံကြောင်း သက်သေထွက်ဆိုခဲ့သည်ဟု ၎င်းက ပြောသည်။

ထိုင်းရဲတပ်ဖွဲ့က တရားလိုအဖြစ် ပြုလုပ်ကာ တရားလိုပြသက်သေ ၆၅ ဦးကို တင်သွင်းထားရာမှ ယနေ့ထိ တရားလိုပြသက်သေ ၃၄ ဦးအား စစ်ဆေးခဲ့ပြီး ဖြစ်သည်။

တရားရုံး၏ သတ်မှတ်ချက်အရ သြဂုတ်လအတွင်း တရားလိုပြ သက်သေများအား အပြီးသတ် စစ်ဆေး ပြီးနောက် လာမည့် စက်တင်ဘာလ ၁ ရက်မှ စတင်၍ တရားခံ ကိုဇော်လင်းနှင့် ဝေဖြိုးတို့ကို စစ်ဆေးသွားမည် ဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။ တရားခံဘက်မှ တရားခံပြသက်သေ ၃၂ ဦးကို တင်သွင်းထားသည်ဟု ဆိုသည်။

ဗြိတိသျှလူမျိုး ခရီးသည် နှစ်ဦး ဖြစ်သော အသက် ၂၃ ဦးအရွယ် ဟန်နာ ဝီသာရစ် (Hannah Witheridge)နှင့် အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မေလာ(David Miller)တို့ ၂၀၁၄ ခုနှစ် စက်တင်ဘာ လ ၁၅ ရက်က သတ်ဖြတ်ခံမှုဖြင့် မြန်မာအလုပ်သမား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ အဓမ္မကျင့်မှု၊ လဝကမှုများ အပါအဝင် ၇ မှုဖြင့် တရားစွဲဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly