မတ် ၁၅၊ ဆောက်သမ်တန်။ ။ ဆောက်သမ်တန်အသင်းသည် စတုတ်စီးတီးနည်းပြဟောင်း မာ့ခ်ဟုချ်ကို နည်းပြသစ်အဖြစ် ရာသီကုန်အထိခန့်အပ်လိုက်သည်။ အသက် ၅၄ နှစ်အရွယ်နည်းပြသည် တနင်္လာနေ့ကရာထူးမှထုတ်ခံရသည့် ပယ်လီဂရီနို၏နေရာတွင် အစားထိုးခံရခြင်းဖြစ်ပြီး အသင်းမှာ တန်းဆင်းဇုန်အထက်တွင်တစ်မှတ်အကွာဖြင့်ရပ်တည်နေသည်။
ဆောက်သမ်တန်အနေဖြင့် နောက်ဆုံး ၁၇ ပွဲတွင် တစ်ပွဲသာအနိုင်ရခဲ့ပြီး ရာသီကုန်ထိကစားရန် ၈ ပွဲသာကျန်ရှိတော့သည်။ စတုတ်အသင်းကို လေးနှစ်ခွဲကြာကိုင်တွယ်ခဲ့သည့် ဟုချ်မှာ အသင်းတန်းဆင်းဇုန်ထဲရောက်နေသည့် ဇန်နဝါရီလတွင် ရာထူးမှ ထုတ်ခံခဲ့ရသူဖြစ်သည်။
မွေးရပ်မြေ ဝေးလ်တွင် နည်းပြဘဝစတင်ခဲ့သည့် မာ့ဟုချ်သည် ဘလက်ဘန်း၊ မန်စီးတီး၊ ဖူလ်ဟမ်၊ ကျူပီအာနှင့် စတုတ်တို့တွင် ပရီးမီးယားလိဂ်ပွဲပေါင်း ၄၄၅ ပွဲကိုင်တွယ်ခဲ့သည်။
ကစားသမားဘဝက မန်ယူနိုက်တက်၊ ချယ်လ်ဆီး၊ ဘာစီလိုနာစသည့်အသင်းများတွင်ကစားခဲ့သည့် ဟုချ်သည် ၂၂ နှစ်ကြာမြင့် သည့် ကစားသမားဘဝအတွင်း ၁၉၉၈ မှ ၂၀၀၀ အထိ ဆောက်သမ်တန်အသင်း၌ ပါဝင်ကစားခဲ့ဖူးသည်။
“ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုပါပဲ။ ကျွန်တော်ကောင်းကောင်းသိထားတဲ့အသင်းဆီကို ပြန်လာခွင့်ရဖို့ မဟာအခွင့်အရေးဖြစ်ပြီးတော့ ကျွန်တော်ငြင်းနိုင်စွမ်းမရှိတဲ့ ကမ်းလှမ်းမှုလည်းဖြစ်ပါတယ်”ဟု မာ့ခ်ဟုချ်က ဆိုခဲ့သည်။
Ref; BBC