မတ် ၁၃၊ လီဗာပူးလ်။ ။ လီဗာပူးလ်တိုက်စစ်မှူး ဆာလက်သည် ၆ လအတွင်း ဥရောပထိပ်သီးလိဂ်များမှအခြားကစားသမားများထက် ပြောင်းရွှေ့ကြေး တန်ဖိုးအမြင့်တက်ဆုံး ကစားသမားတစ်ယောက်ဖြစ်လာသည်ဟု အချက်အလက်တစ်ခုက ဖော်ပြထားသည်။
အီဂျစ်တိုက်စစ်မှူး၏ ဈေးကွက်တန်ဖိုးမှာ ယူရို ၇၄ ဒသမ ၇ သန်းတိုးတက်လာခဲ့ရာ ယူရို ၁၆၂ ဒသမ ၈ သန်းဖြစ်လာခဲ့သည်။ အသက် ၂၅ နှစ်အရွယ် ဆာလက်မှာ ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၂၄ ဂိုးဖြင့်ဂိုးသွင်းအများဆုံးစာရင်းကို ဦးဆောင်နေသည်။
CIES က ထုတ်ပြန်သည့်စာရင်းတွင် ထိပ်ဆုံး ၁၀ ဦးအတွင်း ပရီးမီးယားလိဂ်ကစားသမား ၆ ဦးပါဝင်နေပြီး မန်စီးတီးမှ အီဒါဆင် နှင့် ဆာနေးတို့မှာ အဆင့် ၂ နှင့် ၃ နေရာ၌ ရှိနေကြသည်။
လီဗာပူးလ်သို့ ပေါင် ၃၄ သန်းဖြင့် ဆာလက်ပြောင်းရွှေ့ပြီးနောက် CIES သည် ၂၀၁၇၊ စက်တင်ဘာတွင် ဆာလက်၏တန်ဖိုးကို ယူရို ၈၈ ဒသမ ၁ သန်းမှ စတင်သတ်မှတ်ခဲ့သည်။
ဥရောပထိပ်သီးကလပ်များ၏စိတ်ဝင်စားခြင်းကိုခံနေရသည့် စွမ်းဆောင်ရည်မြင့် လာဇီယိုကွင်းလယ်ကစားသမား အသက် ၂၂ ရှိ ဆာဗစ်သည်လည်း ထိပ်ဆုံး ၁၀ ဦးစာရင်းတွင်ပါဝင်နေသည်။
တန်ဖိုးတက်လာသည့် ထိပ်ဆုံး ၁၀ ဦး
အမည် အသင်း တက်လာသည့်တန်ဖိုး (ယူရို) ခန့်မှန်းပြောင်းရွှေ့ကြေး (ယူရို)
ဆာလက် လီဗာပူးလ် ၇၄ ဒသမ ၇ သန်း ၁၆၂ ဒသမ ၈ သန်း
အီဒါဆင် မန်စီးတီး ၇၄ ဒသမ ၄ သန်း ၉၈ ဒသမ ၇ သန်း
လီရွိုင်းဆာနေး မန်စီးတီး ၆၃ သန်း ၁၅၁ ဒသမ ၂ သန်း
အမ်ဘက်ပေး ပီအက်စ်ဂျီ ၅၄ ဒသမ ၇ သန်း ၁၈၈ ဒသမ ၅ သန်း
ဂျေဆူး မန်စီးတီး ၅၃ ဒသမ ၁ သန်း ၁၀၅ ဒသမ ၉ သန်း
ဂိုမက်ဇ် လီဗာပူးလ် ၄၈ ဒသမ ၃ သန်း ၅၇ ဒသမ ၃ သန်း
ပေါ်လင်ဟို ဘာစီလိုနာ ၄၂ ဒသမ ၄ သန်း ၅၂ ဒသမ ၄ သန်း
ဒေဗစ်ဆင်ဆန်းချက်ဇ် စပါး ၄၂ ဒသမ ၂ သန်း ၇၇ ဒသမ ၆ သန်း
ဆာဗစ် လာဇီယို ၄၀ ဒသမ ၇ သန်း ၇၀ ဒသမ ၅ သန်း
သောဗင် မာဆေး ၃၈ ဒသမ ၄ သန်း ၈၂ ဒသမ ၄ သန်း
Ref; BBC