ကိုဖုန်းမော် အမှတ်တရ

ကိုဖုန်းမော် အမှတ်တရ

 

ကျွန်တော်တို့ခေတ် မြန်မာနိုင်ငံမှာ  အရေးအခင်းတွေကများ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးကလည်းဖြစ်လို့ ခေတ်တွေ စနစ်တွေ ပြောင်းပေမယ့်လည်း ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီဆိုတာ မြင်သာမြင်ရ တကယ်မ ရတဲ့ အနေအထားမျိုးဖြစ်နေတာ၊လွှတ်တော်အရပ်ရပ်ကို ကြည့်ရင်သော်လည်းကောင်း၊ အစိုးရအဖွဲ့ကိုကြည့်ရင်သော် လည်းကောင်း သိနိုင်ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံကြီး မဖြစ်ခင်မှာ အဲဒီအရေးတော်ပုံကြီးဖြစ်ဖို့ အကြောင်းဖန်လာတဲ့ အရေးတော်ပုံကြီး ဖြစ်ရခြင်းအကြောင်းအရင်းတွေနဲ့ လတ်တလောဖြစ်ရခြင်းအကြောင်းအရင်းတွေကတော့ မတ်လ ၁၃ ရက်နေ့  စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးတာနဲ့ စတယ်လို့ပြောရင်ရမလားပါပဲ ။ရှစ်လေးလုံး အရေးတော်ပုံကြီးဖြစ်ရခြင်းအကြောင်းအရင်းတွေထဲမှာ ၁၉၆၂ ခုနှစ် စစ်တပ် (တပ်မတော်) အာဏာသိမ်းတာ ကစလို့ အဲဒီနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ အာဏာသိမ်းအစိုးရက ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ဗုံးခွဲဖျက်ဆီးခဲ့လို့   ကျောင်းသားအများအပြား   သွေးမြေကျခဲ့ရတယ် ။ ၁၉၇၄ ၊ ၁၉၇၅ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် အရေးအခင်းနဲ့ မှိုင်းရာပြည့် အရေးအခင်းတွေ မှာ ကျောင်းသားတွေ အဖမ်းခံကြရတယ် ၊ထောင်ချခံကြရတယ် ။

 နောက်တခါ ၁၉၈၇ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့မှာအစိုးရက တရားဝင်ထုတ်ပြီး တစ်နိုင်ငံလုံးလှည့်ပတ်သုံးစွဲ နေတဲ့ နှစ်ဆယ့်ငါးကျပ်တန် ၊ သုံးဆယ့်ငါးကျပ်တန် ၊ ခုနှစ်ဆယ့်ငါးကျပ်တန်   ငွေစက္ကူတွေကို တရားဝင်ငွေစက္ကူ အဖြစ်မှ ရပ်စဲလိုက်လို့ အဆောင်နေ တက္ကသိုလ်ကျောင်းသားတွေ ဒေါသူပုန်ထခဲ့ရတဲ့ဖြစ်ရပ်တွေ ။ ပြည်သူတွေ လည်း ကျပ်တည်းဒုက္ခ ရောက်ရတာတွေ ။နောက်မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဖြစ်ကို ရောက်ရှိပြီး ပြည်သူလူထု ဒုက္ခရောက်ကြတာတွေ စတဲ့ အကြောင်းအရင်းတွေကလည်းအများကြီးပဲဖြစ်ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ရခြင်း လတ်တလောအကြာင်းအရင်းကတော့ ကိုဖုန်းမော်ကို သေနတ်နဲ့ပစ်သတ်မှုက စတင်တာပဲဖြစ်ပါတယ် ။ ကိုဖုန်းမော်အမှတ်တရအဖြစ်နဲ့ မြန်မာ့နိုင်ငံရေးနဲ့ ဒီမိုကရေစီရေးသမိုင်း ကြောင်းမှာလည်း မပါရင်မပြီးတာကြောင့် နှောင်းလူတွေ သိနိုင် ပုံဖော်နိုင်ဘို့ ဒီဆောင်းပါးလေးကိုရေးသား လိုက်တာ ပဲဖြစ်ပါတယ် ။၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက် ၊ ည ၉ နာရီခန့် ၊ ကြို့ကုန်းဘူတာနားမှာရှိတဲ့ စန္ဒာဝင်း လက်ဖက်ရည်ဆိုင်မှာ၊ လူအယောက် ၂၀ ခန့်ထဲမှာ ရန်ကုန်စက်မှုတက္ကသိုလ်(အာအိုင်တီ)ကျောင်းသား တချို့နဲ့ ရပ်ကွက်ထဲက အရပ်သားလူငယ်တချို့လည်းရှိနေကြပါတယ် ။ အဲဒီအထဲမှာ အရက်သောက်ထားတဲ့ လူငယ် ၄ ဦးလည်းရှိပါတယ် ။လက်ဖက်ရည်ဆိုင် ကက်ဆက်ကဖွင့်ထားတဲ့ သီချင်းခွေကို ပြောင်းဖွင့်ခိုင်းရာကနေ အာအိုင်တီကျောင်းသား ၃ ဦးနဲ့ အရက်သောက်ထားတဲ့ အရပ်သားလူငယ် ၄ ဦးတို့ နားလည်မှုလွဲကြပြီး အရပ်သားလူငယ်က အာအိုင်တီကျောင်းသားကို ခွေးခြေခုံနဲ့ရိုက်ပါတယ် ။ရန်ပွဲဖြစ်ပါတယ် ။ လူကြီးတွေ ရောက်လာတော့ ရန်ပွဲကပြီးသွားပြီး အရိုက်ခံရတဲ့ ကျောင်သားနှစ်ယောက်နဲ့အတူ အာအိုင်တီအဆောင်မှုး ဦးလေးအောင်ဆိုသူနဲ့ ရဲစခန်းသွားပြီးတိုင်ချက်ဖွင့်ပါတယ် ။ အဲဒီနေ့ညက ကျောင်းသားတွေကိုရိုက်တဲ့ အရပ်သားလူငယ် ၂ ယောက်နဲ့ မသင်္ကာခံရတဲ့ ညီညီလွင်ဆိုသူအပါအဝင် လူငယ် ၃ ယောက်ကို ရဲစခန်းက ခေါ်ယူစစ်ဆေးပြီး ထိန်းသိမ်းလိုက် ပါတယ် ။

၁၃ ရက်နေ့ နေ့လယ် ၁ နာရီကျော်လောက်မှာ ညီညီလွင်နဲ့ အရပ်သားလူငယ်တစ်ယောက်ကိုပြန်လွှတ်ပေး လိုက်ပါတယ် ။ရန်ဖြစ်တဲ့အထဲမှာ ညီညီလွင်ပါတာကြောင့် ကျောင်းသားတချို့က ညီညီလွင်ပြန်လွတ်လာတာကို မကျေမနပ်ဖြစ်ကြပါတယ် ။ည ၈ နာရီလောက်မှာတော့ ကောင်စီရုံးကို ကျောင်းသား ၄၀ ခန့်ဟာဝိုင်းကြပါတယ် ။ ညီညီလွင်ကိုပြန်လွှတ်ပေးလိုက်တဲ့အတွက်မကျေနပ်ကြတဲ့ ကျောင်းသားတွေပဲဖြစ်ပါတယ် ။တချို့က ရပ်ကွက်ကောင်စီရုံးကို ခဲနဲ့ပေါက်ကြပါတယ် ။ နောက်ရန်ဖြစ်တဲ့ စန္ဒာဝင်းလက်ဖက်ရည်ဆိုင်ဖက်ကိုသွားကြပြီး ကျောင်းသားတွေကိုရိုက်တဲ့သူတွေကို ဖော်ပေးဆိုပြီးဝိုင်းကြပြန်ပါတယ် ။ကျောင်းသားတချို့ကခဲနဲ့ပေါက် ပေမယ့် အရိုက်ခံရတဲ့ကျောင်းသားတွေက မပေါက်ဖို့တားတဲ့အတွက်  ဆက်မပေါက်ကြတော့ပဲ ညီညီလွင့်အိမ် ရှိတဲ့ ကိုဟင်းလမ်း ဖက်ကိုဆက်သွားကြပါတယ် ။ လမ်းထဲဝင်သွားစမှာတော့ လမ်းမီးတွေ အိမ်မီးတွေ လင်းနေပေမယ့် ခဏအကြာမှာ မီးတွေမှိတ်သွားပါတယ် ။လမ်းတစ်လမ်းလုံးအမှောင်ကျသွားပါတယ် ။ အဲဒီ အမှောင်ထုထဲမှာ ကျောင်းသားတွေ ဝိုင်းအရိုက်ခံရပါတော့တယ် ။ဓားတွေနဲ့လည်း ဝိုင်းခုတ်ကြပါတယ် ။ အဲဒီအချိန် ပါမောက္ခချုပ်လည်း အဆိုပါနေရာရဲ့လမ်းထိပ်ကိုရောက်လာပါတယ် ။ ကျောင်းသားနှစ်ယောက်က ပါမောက္ခချုပ်ကို လမ်းထဲမဝင်ဖို့တားပါတယ် ၊အဲဒီအချိန်မှာပဲ ဓားခုတ်ခံရတဲ့ ကျောင်းသားနှစ်ယောက်ကို တစ်ယောက်ပြီးတစ်ယောက်ရှေ့ဆင့်နောက်ဆင့်ဆိုသလို တွဲထုတ်လာပါတယ် ။ချက်ချင်းဆိုသလို ပါမောက္ခ ချုပ်က ကောင်စီရုံးရှေ့မှာရပ်ထားတဲ့ ကားကိုသွားယူပြီး ဓားခုတ်ခံရတဲ့ ကျောင်းသားတွေကို ဆေးရုံကိုပို့ပါတယ် ။တစ်ခါ နောက်ထပ်ဒဏ်ရာရတဲ့ ကျောင်းသားနှစ်ယောက်ကို ဘီပီအိုင်လမ်းထိပ်ကိုတွဲခေါ်လာပြီး အင်းစိန်ဆေး ရုံကို ထပ်ပြီးပို့ရပြန်ပါတယ် ။

ကျောင်းသားတွေရပ်ကွက်ထဲမှာ အရိုက်ခံရတာကို တခြားကျောင်းသားတွေသိရှိသွားပြီး ကျောင်းသားတွေဟာ အခင်းဖြစ်တဲ့နေရာကိုထပ်သွားကြပါတယ် ။အဲဒီအချိန်မှာကျောင်းသားတွေပိတ်မိနေပြီး ကြံရာမရဖြစ်ကာ ကျောင်းသားတစ်စုက ရပ်ကွက်သမဆိုင်ကို မီးရှို့လိုက်ပါတော့တယ် ။အဲဒီတော့ရပ်ကွက်ကလူတွေဟာ ကျောင်းသားတွေထက် မီးလောင်တဲ့နေရာဆီကို အာရုံရောက်သွားပြီး ကိုဟင်းလမ်းထဲကနေ ကျောင်းသားတွေ ပြန်ထွက်လာနိုင်ပါတော့တယ် ။ ဘီပီအိုင်လမ်းပေါ်မှာ ရှိနေတဲ့ကျောင်းသားတွေနဲ့ ပူးပေါင်းပြီး အာအိုင်တီဖက် ကို ပြန်လာကြ ပါတယ် ။ရပ်ကွက်က လူတစ်စုကလည်း နောက်ကလိုက်ပြီး တုတ် ၊ ဓားတွေနဲ့ လိုက်လံ တိုက်ခိုက်ပါ သေးတယ် ။ ထိုအချိန်မှာ မီးသတ်ကားနှစ်စီး အင်းစိန်ဖက်ကလာတာကိုလည်းတွေ့ရပါတယ် ။

ည ၁၁ နာရီလောက်ရှိပါပြီ ၊ တိုင်းကောင်စီဥက္ကဋ္ဌနဲ့ လုံထိန်း တချို့က ဘီပီအိုင်လမ်းထိပ်ဘက်ကို သွားကြ ပါတယ် ။ ဝန်ကြီးနဲ့အဖွဲ့က စိုက်ပျိုးရေးသုတေသနဝင်းနားမှာ ရပ်နေခဲ့ကြပြီး မီးသတ်ကားတွေနဲ့ အဓိက ရုန်းနှိမ်နင်းရေးတပ်တွေက အာအိုင်တီဝင်း ဘီပီအိုင်ကားဂိတ်ဘက်ကို ချီတက်လာကြပါတယ် ။ အဓိကရုဏ်း နှိမ်နင်းရေးတပ်တွေက ကျားလို့အော်ပြီးအရှေ့ကချီတက်ပါတယ် ၊ မီးသတ်ကားတွေကနောက် ကလိုက်လာ ပါတယ် ။အရပ်သားတွေက ဘီပီအိုင်လမ်းထဲဝင်ပြေးသူကပြေး ၊မြောက်ဘက်ကြို့ကုန်း လမ်းဆုံ ဆီပြေးသူက ပြေးကြပါတယ် ။ကျောင်သားတွေကလည်းကျောင်းထဲဝင်သွားကြပါတယ် ။ ခဏအကြာမှာ အရပ်သားတချို့ ပြန်ထွက်လာပြီး ကျောင်းဝင်းထဲကို ခဲတွေနဲ့ပေါက်ကြပါတယ် ။ကျောင်းသားတွေကလည်းပြန် ပေါက်ကြပါတယ် ။ အဲဒီအချိန်မှာ လုံထိန်းတပ်ဖွဲ့တွေကလည်း သူတို့နားကျလာတဲ့ခဲတွေကိုကောက်ပြီး ကျောင်းသားတွေကို ပေါက်ပါတယ်။အဲဒီအချိန်မှာပဲ မီးသတ်ကားတွေက ရေတွေစပြီးပက်ပါပြီ ။များမကြာမီပင် တဖောင်းဖောင်း အသံများကြားရကာ မီးတန်းများကိုလည်းမြင်ရပါတယ် ။ ပထမပိုင်းမှာ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ကြပြီး နောက်ပိုင်းတွင်းမူ လက်နက်မရှိသောကျောင်းသားများကို သေနတ်များဖြင့် ပစ်ခတ်ကြပါတော့ တယ် ။ည ၁၁ နာရီကျော် ရန်ကုန်စက်မှုတက္ကသိုလ် ပင်မဆောင်ရှေ့မြင်ကွင်းပင်ဖြစ်ပါတယ် ။

ကျောင်းခြံစည်းရိုးဖက်လှမ်းကြည့်လိုက်ရင် လုံထိန်းများ ခြံစည်းရိုးကျော်ဝင်လာနေတာကိုလည်းတွေ့ရပါတယ် ။ ပစ်သံခတ်သံတွေဆူညံပွက်လောရိုက်နေပြီး ဘေးမှ ကျောင်းသားတစ်ယောက် ကားကနဲ ကွန်ကရစ်လမ်းပေါ် သို့ လဲကျသွားတာကိုတွေ့လိုက်ရပါတော့တယ် ။ပုံရက်သားလဲကျသွားတာပဲဖြစ်ပါတယ် ။ ထိုသူကား ကိုဖုန်းမော်ပင် ဖြစ်ပါတော့တယ် ။ အဖြစ်အပျက်ကိုအလုံးစုံကိုမြင်တွေ့လိုက်ကြသော ပင်မဆောင်အောက်မှ ကျောင်းသားတချို့ပြေးဆင်းလာပြီး ကိုဖုန်းမော်နှင့် ဒဏ်ရာရသောသူများကိုပြေးဆွဲကြပါတယ် ။ပင်မနာရီ စင်ကြီးအောက်မှာ ချ၍ ကိုဖုန်းမော်ကို အလယ်ရှိမီးချောင်းအောက်တွင်ချလိုက်ကြပါတယ် ။ ကျောင်းသားတို့ ရဲ့ ငိုယိုသံ ၊အော်ဟစ်သံတို့ဖြင့် ဆူညံပွက်လောရိုက်သွားကြပါတော့တယ် ။ငါတို့ကျောင်းသားတွေသေကုန်ပြီ လို့ ငိုယိုပြီးအော်ကြတဲ့သူတွေလည်းရှိပါတယ် ။တချို့က နံရံများ ၊ တိုင်များကိုလက်သီးဖြင့်ထိုး ၊ ခြေဖြင့်ကန် ကျောက် ၊ဆောက်တည်ရာမရဖြစ်ကြပြီး မင်သက်နေကြပါတယ် ။ ဖုန်းမော်ရဲ့ဒဏ်ရာကတော့ ရင်အုံနဲ့ ဆီးခုံမှာ ဆိုတော့ သူကွယ်လွန်သွားရရှာပါတော့တယ် ။

ဖုန်းမော်ကွယ်လွန်သွားလို့ မရှေးမနှောင်း ရက်တွေ လတွေမှာ အဲဒီခေတ်က မဆလ အစိုးရဟာ သတင်းတွေကို ထိမ်ချန်ခြင်း ၊ သတင်းအမှားများထုတ်လွှင့်ခြင်းတွေကြောင့်   ကျောင်းသားများရဲ့တောင်းဆိုမှုတွေကို မျက်ကွယ်ပြုရုံတင်မက ဖမ်းဆီးနှိပ်စက်မှုတွေ ဒလစပ်လုပ်လာလို့ ပြည်သူတွေပါ မခံမရပ်နိုင်ဖြစ်လာပြီး ရှစ်လေးလုံးအရေးတော်ပုံကြီး   ဖြစ်ပေါ်လာတာပဲဖြစ်ပါတော့တယ် ။ ကိုဖုန်းမော်ကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုလိုက်ပါတယ် ။   ။(၁၉၈၈ မတ်လ ၁၃ ရက် အရေးအခင်း ဖြစ်ရပ်မှန်များ စာအုပ်မှ အချက်အလက်များကို ကိုးကားသည် ။)

 

Mizzima Weekly