အပြာမင်းသမီးနှင့် ဇာတ်ရှုပ်ခဲ့သည်ဆိုသောစွပ်စွဲချက်များကို ဒေါ်နယ်ထရမ့်ငြင်းဆန်

အပြာမင်းသမီးနှင့် ဇာတ်ရှုပ်ခဲ့သည်ဆိုသောစွပ်စွဲချက်များကို ဒေါ်နယ်ထရမ့်ငြင်းဆန်

 

ဝါရှင်တန်၊ အမေရိကန်၊ မတ် ၈ ။               ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူသည် လွန်ခဲ့သောဆယ်စုနှစ်တစ်စုကျော်ခန့်က အပြာမင်းသမီးတစ်ဦး နှင့် ဇာတ်ရှုပ်ခဲ့ဖူးပြီး သူမအားနှုတ်ပိတ်သည့်အနေဖြင့် ငွေကြေးအချို့ပေးခဲ့ရသည်ဆိုသော စွပ်စွဲချက်များအား လုံးကို ငြင်းဆန်ခဲ့ကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။

“သမ္မတကြီးဟာ သူ့အပေါ်ပြောဆိုနေကြတဲ့ စွပ်စွဲချက်တွေအားလုံးနဲ့ပက်သက်လို့ ငြင်းဆန်ခဲ့ပါတယ်” ဟု ပြန်ကြားရေးဝန်ကြီးဖြစ်သော ဆာရာဆန်ဒါစ်က သတင်းထောက်များကို အိမ်ဖြူတော်၌ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

“သမ္မတကြီးဟာ ဒီကိစ္စနဲ့ပက်သက်လို့ တိုက်ရိုက်ငြင်းဆန်ခဲ့တာဖြစ်ပြီး ဒီစွပ်စွဲချက်တွေအားလုံး မမှန်ကန်ဘူး ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ပါတယ်” ဟု ဆန်ဒါစ်က ဆိုခဲ့သည်။

ဆက်လက်ပြီး “ဒီထက်ကျော်လွန်ပြီးသိချင်တယ်ဆိုရင်တော့ ရှင်တို့ကို သမ္မတကြီးရဲ့အပြင်က အကျိုးဆောင် အကြံပေးအဖွဲ့နဲ့ ပြောဆိုဖို့ ကျမဘက်က ညွှန်းပေးလိုက်ပါ့မယ်” ဟု သူမက ဆိုခဲ့သည်။

အပြာမင်းသမီးဖြစ်သူ စတောမီဒန်နီရယ်လ်၏ ရှေ့နေဖြစ်သူက သူမသည် လွန်ခဲ့သော ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ် တုန်းက ဒေါ်နယ်ထရမ့်နှင့် လိင်ပိုင်းဆိုင်ရာအရ ဆက်ဆံရေးရှိခဲ့ဖူးကြောင်းနှင့် မည်သူကအမှန်ပြောနေသလဲ ဆိုတာကို ပြည်သူများကဆုံးဖြတ်နိုင်ရန် နှုတ်ပိတ်ထားသောသဘောတူညီချက်ကို ဖျက်သိမ်းလိုကြောင်း ပြောဆိုခဲ့သည်။

ထို့ကြောင့်လက်ရှိအချိန်တွင် အမည်ရင်း စတက်ဖနီကလစ်ဖို့ဒ်ဟုခေါ်သော အပြာမင်းသမီးစတောမီဒန်နီရယ်လ် နှင့် သူမ၏ရှေ့နေများသည် နှုတ်ပိတ်ထားသည့်သဘောတူညီချက်ကို ဖျက်သိမ်းနိုင်ရန်အတွက် ဒေါ်နယ်ထရမ့် အား တရားစွဲဆိုနေပြီး ထရမ့်ကမူ ထိုစွပ်စွဲချက်များအားလုံးကို ငြင်းဆန်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly