ငြိမ်း စု စီ ဥပဒေကြမ်းကို နိုင်ငံရေးဖိအားများကြောင့် မလွှဲမရှောင်သာ ထောက်ခံအတည်ပြုလိုက်ကြသည်ဟု ယုံကြည်ကြောင်း ဒေါ်ညိုညိုသင်းပြော

ငြိမ်း စု စီ ဥပဒေကြမ်းကို နိုင်ငံရေးဖိအားများကြောင့် မလွှဲမရှောင်သာ ထောက်ခံအတည်ပြုလိုက်ကြသည်ဟု ယုံကြည်ကြောင်း ဒေါ်ညိုညိုသင်းပြော
ဓာတ်ပုံ - သက်ကို

 

ရန်ကုန် မတ် ၇ ။            ။ နိုင်ငံရေးအရဖိအားများရှိနေသည့်အတွက် ငြိမ်း စု စီ ဥပဒေကြမ်းကို မလွှဲမရှောင်သာ ထောက်ခံအတည်ပြုခြင်း သာဖြစ်သည်ဟု ယုံကြည်ကြောင်း လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဒေါက်တာဒေါ်ညိုညိုသင်းက ပြောကြား လိုက်သည်။

အငြင်းပွားဖွယ် ပြင်ဆင်ချက်များကြောင့် ကန့်ကွက်မှုများ ကြုံတွေ့နေရသော ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်များအတိုင်း အမျိုးသားလွှတ်တော်တွင် ယနေ့ မတ်လ ၇ ရက်နေ့က အတည်ပြုလိုက်ပြီးနောက် မဇ္ဈိမ၏ မေးမြန်း ချက်တွင် ဒေါ်ညိုညိုသင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

"အန်တီ ခုနကပဲ ကြားတယ်၊ အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်တယ်လို့၊ အန်တီတို့သိထားတာက လွှတ် တော်ကိုယ်စားလှယ် တော်တော်များများက ဒီဥပဒေကို သဘောမကျဘူးပေါ့နော်၊ ဒီဥပဒေရဲ့အန္တရာယ်တွေကို လည်း သိတယ်ပေါ့နော်၊ ဒါပေမယ့် မလွှဲမရှောင်သာ နိုင်ငံရေးအရ ဖိအားတွေရှိလို့ ဒီလိုမျိုးဖြစ်သွားတယ်လို့ အန်တီတို့ ယုံကြည်တယ်လေ" ဟု ဒေါက်တာဒေါ်ညိုညိုသင်း က ပြောသည်။

အဆိုပါ ဥပဒေကြမ်းကို အတည်ပြုရန် သင့်၊ မသင့် စက်ခလုတ်နှိပ်ပြီး မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံ ၁၁၃မဲ၊ ကန့်ကွက် ၇၈မဲ ရရှိရာ ထောက်ခံမဲများသည့်အတွက် ယင်း ဥပဒေကြမ်းကို အတည်ပြုကြောင်း အမျိုးသားလွှတ်တော်က ဆုံး ဖြတ်ခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့သွား၍ ဆက်လက် ဆွေးနွေးကြဦးမည်ဖြစ်သည်။

 "ဒီဥပဒေကြမ်းကို ကန့်ကွက်ခဲ့တဲ့ လွှတ်တော်ကိုယ်စား လှယ် ၇၈ ယောက်ကို အန်တီက ပြည်သူလူထုကြီး ကိုယ်စား လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်ဆိုတာ ပြော ချင်တယ်၊ ဒီဥပဒေကြမ်းကို ကန့်ကွက်တဲ့ ၇၈ ယောက် အနေနဲ့ တစ်သက်လုံး ဘယ်တော့မှ နောင်တမရမယ့် ဆုံးဖြတ်ချက်မျိုးချမှတ်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လိပ်ပြာသန့်သန့်နဲ့ အသက်ထက်ဆုံး ရှင်သန်နိုင်မယ် လို့ အန်တီယုံကြည်တယ်။ ဒါကြောင့်မို့လို့ မှန်ကန်တဲ့ ဆုံးဖြတ် ချက်ကို ချခဲ့တဲ့ ဥပဒေကြမ်းကို ကန့်ကွက်ခဲ့တဲ့ ၇၈ ဦး သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ အန်တီ က ဒီနေရာကနေ ကျေးဇူးတင်ပါတယ်။ ဂုဏ်ပြုပါတယ် လို့၊ ကိုယ့်သမိုင်းကို ကိုယ်ပဲရေးတာမို့လို့ လိပ်ပြာသန့် သန့်နဲ့ ဆက်ပြီးရှင်သန်နိုင်မယ်ဆိုတာ အာမခံပေးလို့ ရပါတယ်လို့ " ဟု ဒေါက်တာဒေါ်ညိုညိုသင်းက ဆက်ပြော သည်။

ယင်းဥပဒေကြမ်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင် ဥပဒေကြမ်းကော်မတီမှ ဒေါက်တာမြတ်ဉာဏစိုးက ဖေဖော်ဝါရီ ၁၉ရက်က အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းသည် နိုင်ငံသားများ၏ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ပိတ်ပင်ပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်း ထားသည့် နိုင်ငံသားအခွင့်အရေးများဆုံးရှုံးနေသည် ဟု ဝေဖန်မှုများပေါ်ထွက်ပြီးနောက် ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ဒေါ်ညိုညိုသင်းဦးဆောင်၍ ယင်းဥပဒေကြမ်းအား ပယ်ဖျက်ရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေး၊ လူမှုရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများက ရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ သည်။ ထို့ပြင် အရပ်ဘက်အဖွဲ့အစည်းပေါင်း (၂၃၀)က လည်း ကန့်ကွက်ကြောင်း ကြေငြာချက်ထုတ်ပြန်ထား သည်။

ယင်းဥပဒေကြမ်း၏ ရည်ရွယ်ချက်နှင့် ကြောင်းကျိုးဖော်ပြချက်တွင် “ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ရာတွင် ဥပဒေ၏ အကာအကွယ်ကို အခွင့်အရေးအဖြစ် အသုံးပြု၍ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို သိလျက်နှင့် တမင်အဖျက်အမှောင့်လုပ်ရပ်များဖြင့် နှောင့်ယှက်ဖျက်ဆီးမည့် အန္တရာယ်မှ ကာကွယ်ဟန့်တားရန်” ဟူ၍ ဖော်ပြထားသည်။

ဥပဒေကြမ်းအရဆိုလျှင် ငြိမ်းချမ်းစွာ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ပြုလုပ်လိုသူများသည် ပြုလုပ်မည့် အစီအစဉ် အသေးစိတ်၊ ခန့်မှန်းလူဦးရေအပြင် ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက မည်သူဖြစ်သည်ကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ကြိုတင် အသိပေးရမည် ဖြစ်သည်။

ထို့ပြင် ဥပဒေကြမ်း၏ ပုဒ်မ ၁၈တွင် “မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြင့် ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေဖြစ်နိုင်ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ငွေ သို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခုကို သော်လည်းကာင်း သုံးစွဲ၍ သူတစ်ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းတို့ကိုပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟူ၍ ဖြည့်စွက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly