ရေခဲမှတ်အထိ အပူချိန်ကျဆင်းပြီးနောက် လန်ဒန်မြို့သူမြို့သားတစ်ချို့ ရေပြတ်လပ်မှု ကြံုတွေ့နေ

ရေခဲမှတ်အထိ အပူချိန်ကျဆင်းပြီးနောက် လန်ဒန်မြို့သူမြို့သားတစ်ချို့ ရေပြတ်လပ်မှု ကြံုတွေ့နေ

 

လန်ဒန်၊ မတ် ၆ ။             ။ ရေခဲမှတ်အထိ အပူချိန်ကျဆင်းပြီးနောက် ရုတ်ခြည်းအရည်ပျော်ကျမှုဖြစ်စဉ်ကြောင့် ရေပိုက်လိုင်းများ ကျိုးပေါက်ပျက်စီးမှုများ ဖြစ်ရသဖြင့် အရှေ့တောင်ပိုင်းအင်္ဂလန်နှင့်   ဝေလ်ပြည်နယ်တို့ရှိ ရေကုမ္ပဏီများက ဖောက်သည်များအား ရေကို ချွေတာစွာ အနည်းငယ်သာ သုံးစွဲကြရန် တိုက်တွန်းလျက်ရှိနေသည်။

Thames Water၊ Southern Water၊ South East Water နှင့် Affinity Water တို့က ထုတ်ပြန်ချက်တွင် သိသိသာသာဖြစ်သော  ဖောက်သည်အရေအတွက် တစ်ရပ်သည် ရေပြတ်လပ်နေခြင်း၊   ရေအတွက် စိတ်သောကရောက်ရခြင်းများ ရှိနေကြောင်း ဖော်ပြထားသည်။

အဆိုပါ ရေကုမ္ပဏီများက ပို၍ ဒုက္ခဖြစ်နေရသော ဖောက်သည်များသို့ ဦးစားပေးပေးပို့နိုင်ရန်နှင့် လိုအပ်သောနေရာများသို့လည်း ရေဘူး၊ ရေပုလင်းများ ပေးပို့နိုင်ရန် အပြင်းအထန် လုပ်ကိုင်ဆောင်ရွက်လျက် ရှိနေပါကြောင်းလည်း ပြောသည်။

Welsh Water ကုမ္ပဏီကလည်း ရေပိုက်လိုင်းများ ကျိုးပေါက်ပျက်စီးခြင်းအတွက် သတိပေးချက် ထုတ်ထားသည်။

ပြီးခဲ့သည့် ရက်များအတွင်း အပူချိန်သည် မကြုံဖူးအောင် နိမ့်ကျသွားပြီးနောက် စနေ၊ တနင်္ဂနွေ အရောက်တွင် ရေခဲမှတ်အထက်သို့ ပြန်လည်မြင့်တက်လာခဲ့သည်။

ပြင်းထန်သော အအေးဒဏ်ကြောင့် နိုင်ငံအနှံ့ ခရီးသွားလာမှုများ အခက်ပွေခဲ့ရပြီး လေကြောင်းခရီးစဉ် ရာပေါင်းများစွာ ပယ်ဖျက်ခဲ့ရကာ ရထားခရီးစဉ်များလည်း ကစင့်ကလျားဖြစ်ရလျက် နှင်းခဲပုံများကြောင့် ကားလမ်းပိတ်ဆို့မှုများပါ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly