အရာဝတ္ထုပစ္စည်းတစ်ခုနှင့် ထိတွေ့မိပြီးနောက် ရုရှစပိုင်ဟောင်း သေရေးရှင်ရေး နာမကျန်းဖြစ်ကာ အရေးပေါ်တင်ပို့ရ

အရာဝတ္ထုပစ္စည်းတစ်ခုနှင့် ထိတွေ့မိပြီးနောက် ရုရှစပိုင်ဟောင်း သေရေးရှင်ရေး နာမကျန်းဖြစ်ကာ အရေးပေါ်တင်ပို့ရ

 

လန်ဒန်၊ မတ် ၆ ။           ။ ဗြိတိန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံနေသည့် ရုရှစပိုင်ဟောင်းတစ်ဦးသည် အမျိုးအမည်မသိ အရာဝတ္ထုပစ္စည်းတစ်ခုနှင့် ထိတွေ့မိရာမှ အရေးပေါ်အခြေအနေ နာမကျန်းဖြစ်ကာ ဆေးရုံတင်ပို့ရကြောင်း ဗြိတိန်သတင်းဌာနများက ဖော်ပြသည်။

ယခုကဲ့သို့ဖြစ်ရပ်သည် ရုရှစပိုင်အေဂျင့်ဟောင်း အလက်ဇန္ဒြားလစ်ဗင်နန်ကိုအား ရေဒီယိုသတ္တိကြွအဆိပ်ဖြင့် လုပ်ကြံခဲ့သည့် ပုံစံမျိုးနှင့် တူညီနေသည်ဟုလည်း ရေးသားဖော်ပြကြသည်။

အဆိုပါ ရုရှစပိုင်ဟောင်းဆိုသူကို အာဏာပိုင်များက မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်မပြောသော်လည်း  မတ် ၄ ရက်က လန်ဒန်အနောက်ပိုင်း ဆဲလ်လစ်ဘာရီအရပ်ရှိ ရှောပင်းမောလ်တစ်ခုမှ ခုံတန်းတွင် ၎င်းစပိုင်ဟောင်းဆိုသူနှင့်အတူ အမျိုးသမီးတစ်ဦးတို့အား သတိလစ်မေ့မျောလျက်ရှိသည်ကို တွေ့ရှိခြင်း ဖြစ်သည်။

ဗြိတိန်သတင်းဌာနများက ထိုစပိုင်ဟောင်းဆိုသူကို အသက် ၆၆ နှစ်ရှိသည့် ဆာဂျီစကီရီပဲလ်ဆိုသူဖြစ်ကြောင်း ဖော်ပြပြီး ၎င်းက နှစ်ဖက်ချွန်သူလျှိုလုပ်ကာ ဗြိတိန်အတွက် စပိုင်လုပ်ခြင်း ပြစ်မှုဖြင့် ရုရှတွင် ထောင်ဒဏ် ၁၃ နှစ်အား ၂၀၀၆ ခုနှစ်အတွင်းက ချမှတ်ခံရသူဖြစ်ကြောင်း သိရသည်။

အမေရိကန်နှင့် ရုရှတို့၏ စပိုင်ချင်း လဲလှယ်ခြင်းတစ်ရပ်အရ စကီရီပဲလ်သည် ၂၀၁၀ ခုနှစ်အတွင်းက လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စပိုင်ဟောင်းနှင့် အမျိုးသမီးတို့အား သတိလစ်မေ့မြောလျက် တွေ့ရခြင်းကြောင့် ယင်းတွေ့ရသည့်နေရာ ဝန်းကျင်တစ်လျှောက် ရုပ်ရှင်ဆန်ဆန် အဆိပ်ငွေ့ရှင်းလင်းခြင်း လုပ်ငန်းများအား တာဝန်ရှိသူများက ဆောင်ရွက်ကြသကဲ့သို့ ဆဲလ်လစ်ဘာရီဆေးရုံက အရေးပေါ်ခန်းကိုလည်း ပိတ်ထားလိုက်သည်။

ဗြိတိန်နိုင်ငံသို့ ခိုလှုံထွက်ပြေးလာသည့် ရုရှ KGB အေဂျင့်ဟောင်း အလက်ဇန္ဒြားလစ်ဗင်နန်သည် ၂၀၀၆ ခုနှစ်အတွင်းက လန်ဒန်ရှိ Mellennium ဟိုတယ်၌ လက်ဖက်ရည်အတွင်း ရေဒီယိုသတ္တိကြွပိုလိုနီယံ-၂၁၀ ခတ်ကာ လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်သည်။ ယင်းလုပ်ကြံမှုနောက်ပိုင်း ဗြိတိန်နှင့် ရုရှတို့ကြား ဆက်ဆံရေး မပြေမလည်ရှိနေခဲ့သည်။

အလက်ဇန္ဒြားလစ်ဗင်နန်ကို ရုရှသမ္မတ ပူတင်က လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းခြင်း ဖြစ်ကြောင်း ဗြိတိန်ထောက်လှမ်းရေးက ပြောသော်လည်း ရုရှဖက်က ထပ်ကာတလဲ ငြင်းဆန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly