ဆရာ၊ဆရာမအသင်းဝင်တိုးလာစေရန် ရန်ကုန်တက္ကသိုလ်ရာပြည့်အကြိုအနုပညာတင်ဆက်မှုပွဲပြုလုပ်

ဆရာ၊ဆရာမအသင်းဝင်တိုးလာစေရန် ရန်ကုန်တက္ကသိုလ်ရာပြည့်အကြိုအနုပညာတင်ဆက်မှုပွဲပြုလုပ်

 

ရန်ကုန်၊ မတ် ၆ ။          ။ ရန်ကုန်တက္ကသိုလ်ဆရာ၊ဆရာမများအသင်းဝင်ဦးရေတိုးတက်လာစေရန်ရည်ရွယ်ပြီး ရာပြည့်အကြို ကဗျာ၊ ဂီတ၊ ပန်းချီ၊ အနုပညာတင်ဆက်မှုပွဲတော်ကို ရန်ကုန်တက္ကသိုလ် သိပ္ပံမြက်ခင်းပြင် သစ်ပုတ်ပင်အနီး၌ ယနေ့ မတ်လ ၆ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

 " ကျွန်တော်တို့ဆရာ ဆရာမများအသင်း အသင်းဝင်ဦးရေမြှင့်တင်ဖို့ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရန်ကုန်တက္ကသိုလ်မှာ ဆရာ ဆရာမအင်အား ၇၅၀လောက်ရှိတယ် ။ လောလောဆယ်အသင်းဝင်တာ ၂၀၀ကျော်ရှိတယ်။ ဒါပေမယ့်နောက်ထပ်၁၀၀ကျော်ကိုရချင်တဲ့အတွက် ဒီပွဲလေးကိုကျွန်တော်တို့လုပ်တာပေါ့လေ"ဟု ရူပဗေဒဌာန၏ ကထိကတစ်ဦးဖြစ်သူ ရန်ကုန်တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း၏ ဥက္ကဋ္ဌ ဒေါက်တာဦးထွန်းထွန်းနိုင်က ပြောသည်။

 ထိုကဲ့သို့ အသင်းဝင်ဦးရေတိုးပွားလာပါက အသင်း၏မူလရည်ရွယ်ချက်များအပြင် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များအတွက် ပိုမိုတိုးတက်နိုင်မည်ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

 ရန်ကုန်တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းကို (၁) ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၏ သင်ကြားရေး၊ သုတေသနလုပ်ငန်းများတိုးတက်ရေး၊ လူမှုဘဝများမြှင့်တင်ပေးရန် (၂) ဆရာ၊ ဆရာမများ၏ တရားသောအခွင့်အရေးများ တိုးမြှင့်ရရှိစေရန်၊ နစ်နာမှုများကို တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောင့်ပေးရန်၊ (၃) မြန်မာနိုင်ငံ၏အဆင့်မြင့်ပညာသင်ကြားရေးနှင့် သုတေသနတိုးတက်မြင့်မားစေရန်၊ (၄) မိမိတက်ကျွမ်းသည့်ပညာရပ်များကို အသက်မွေးဝမ်းကျောင်းပညာရပ်အဖြစ် မူလတာဝန်များမထိခိုက်စေဘဲ လွတ်လပ်စွာအသုံးချခွင့်ရရှိစေရန် ဆိုသည့် ရည်ရွယ်ချက်(၄)ချက်ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

 ယခင်က ရန်ကုန်တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းအနေဖြင့် အုပ်ချုပ်သူဆရာကြီးများနှင့် ထိပ်တိုက်တွေ့ခဲ့ရသည့်ဖြစ်ရပ်များရှိခဲ့ဖူးကြောင်း၊ ထို့ကြောင့်ကျောင်းသားအဖွဲ့အစည်းများ ပညာရေးအတွက်တောင်းဆိုမှုများကိုလည်း နှစ်ဦးနှစ်ဘက်ညှိနှိုင်း၍ စားပွဲဝိုင်းပေါ်တွင်ဆွေးနွေးစေချင်ကြောင်း ဒေါက်တာဦးထွန်းထွန်းနိုင်က ဆိုသည်။

 "ပါချုပ်တွေ ဒုချုပ်တွေ အုပ်ချုပ်ရေးအပိုင်းက ဆရာကြီး ဆရာမကြီးတွေက ကျွန်တော်တို့ရန်ကုန်တက္ကသိုလ်ဆရာ၊ ဆရာမများသမဂ္ဂကိုအသိအမှတ်ပြုတယ် ။ ကျောင်းသားသမဂ္ဂကိုလည်း အသိအမှတ်ပြုတယ်။ အသိမှတ်မပြုခင်ကြားထဲမှာလည်း ကျွန်တော်တို့တွေ ကတောက်ကဆတ်တွေအများကြီးဖြစ်ခဲ့ရတယ်။ အဲဒီတော့ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့က  စားပွဲဝိုင်းမှာပဲဆွေးနွေးတယ် ။ လိုတိုးပိုလျော့တွေဖြစ်တဲ့အချိန်မှာဒီနေ့အဆင်ပြေတယ်ပေါ့ ။ဒီလိုပဲကျောင်းသားသမဂ္ဂကလည်းသူတို့ရဲ့အခွင့်အရေးတွေကိုတောင်းဆိုမှာပဲ တောင်းဆိုတာလိုတိုးပိုလျော့ပေါ့။ "ဟု ဒေါက်တာ ဦးထွန်းထွန်းနိုင်က ပြောသည်။

 ရန်ကုန်တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းကို ၁၉၄၇-၄၈ခုနှစ် ပညာသင်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ၂၀၁၂ခုနှစ်တွင် ထပ်မံ၍ပြန်လည်ဖွဲ့စည်းခဲ့သည်။ ယခင်နှစ် ၂၀၁၇ခုနှစ်၌လည်း ယခုကဲ့သို့ အနုပညာတင်ဆက်မှုပွဲပြုလုပ်ခဲ့ပြီး ယခုပြုလုပ်သည်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly