ဂျာမနီရှိ ဒုက္ခသည်စခန်းများ နောက်ထပ်နှစ်ကြိမ် တိုက်ခိုက်ခံရ

ဂျာမနီရှိ ဒုက္ခသည်စခန်းများ နောက်ထပ်နှစ်ကြိမ် တိုက်ခိုက်ခံရ

ဘာလင်၊ သြဂုတ် ၂၆ ။        ။ ဂျာမနီရှိ ဒုက္ခသည်စခန်းနှစ်ခု တိုက်ခိုက်ခံရကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၂၆ တွင်ပြောသည်။ အကြမ်းဖက် လက်ယာစွန်း ဆန့်ကျင်ဆန္ဒပြသူများ၏ တိုက်ခိုက်ခံရသော ခိုလှုံခွင့်ရှာဖွေသူများ၏စခန်းတစ်ခုသို့ ဝန်ကြီးချုပ်အိန်ဂျလာမာကယ်သွားရောက်ရန် စီစဉ်မထားမီနာရီပိုင်းအလိုတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမျိုးသားတစ်ဦးသည် သြဂုတ် ၂၆မှစကာ ခိုလှုံခွင့်ရရန်ကြိုးပမ်းသူ ၅၆ ဦးကို လက်ခံရန်စီစဉ်ထားသော နိုင်ငံအရှေ့ပိုင်း လိုက်ပဇစ်မြို့ရှိ ဒုက္ခသည်စခန်းအတွင်းသို့ ပုလင်းဗုံးတစ်လုံးပစ်သွင်းခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ မျက်မြင်တစ်ဦးက လျင်မြန်စွာ တပ်လှန့်သတိပေးနိုင်ခဲ့သည့်အတွက် မွေ့ယာတစ်ခုသာ မီးလောင်ကျွမ်းခဲ့သည်။ ထိုစဉ် အရှေ့ပိုင်းရှိ ပါချင်မြို့တွင်လည်း ဒုက္ခသည်စခန်းတစ်ခုအတွင်းသို့ဝင်ကာ ဓါးကိုင်တိုက်ခိုက်ခဲ့သော အမျိုးသားနှစ်ဦးကို ရဲကဖမ်းဆီးခဲ့သည်။

သံသယရှိသူနှစ်ဦးအနက် တစ်ဦးဖြစ်သူက ရှစ်လက်မအရှည်ရှိ ဓါးတစ်ချောင်းကို ကိုင်တွယ်ထားသည်ကို သတိပြုမိပြီးနောက် အခင်းဖြစ်စဉ် အပြင်တွင်ရှိနေခဲ့သော ဒေသခံအချို့က ရဲသို့ သတင်းပေးခဲ့ သည်။

သံသယရှိသူနှစ်ဦးစလုံး ရွှေ့ပြောင်းသူများကို ဆန့်ကျင်သည့် စကားလုံးများကို အော်ဟစ်နေခဲ့သည်။ ရဲတပ်ဖွဲ့က ၎င်းတို့၏ သွေးထဲ အရက်ပါဝင်မှုပမာဏကို စမ်းသပ်စစ်ဆေးခဲ့သည်။

ဂျာမနီသည် လွန်ခဲ့သည့်နှစ်ကထက် လေးဆပိုများသည့် ခိုလှုံခွင့်ရရန်ကြိုးပမ်းသူ ၈၀၀,၀၀၀ခန့်ကို လက်ခံရမည့်ပြသနာနှင့် ရင်ဆိုင်နေရစဉ် ဒုက္ခသည်စခန်းများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု များကြောင့် ဂျာမန်အာဏာပိုင်များမှာ တပ်လှန့်သတိပေးခံနေရသည်။ နိုင်ငံအရှေ့ပိုင်း ဒရက်စဒင်အနီး ဟေဒင်နောမြို့တွင် ဒုက္ခသည်စခန်းသစ်တစ်ခုဖွင့်လှစ်မှုကို ဆန့်ကျင်သည့်အနေဖြင့် သီတင်းပတ်ကုန် အတွင်းက အကြမ်းဖက်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

မာကယ်သည် သြဂုတ် ၂၆ နောက်ပိုင်းတွင် ဒုက္ခသည်များ၊ လုပ်အားပေးသူများ၊ လုံခြုံရေးဝန်ထမ်းများနှင့် တွေ့မည်ဟု သိရသည်။ အကြမ်းဖက်ဆန္ဒပြမှုများကို မာကယ်က ပြင်းထန်စွာဝေဖန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly