ငြိမ်းစုစီဥပဒေပြင်ဆင်ချက်အား ဒေါ်ညိုညိုသင်း ဦးဆောင် ဆန္ဒဖော်ထုတ်

ငြိမ်းစုစီဥပဒေပြင်ဆင်ချက်အား ဒေါ်ညိုညိုသင်း ဦးဆောင် ဆန္ဒဖော်ထုတ်

ရန်ကုန် မတ် ၅ ။       ။ ငြိမ်း၊ စု၊ စီ ဥပဒေခေါ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်း စွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းအားကန့်ကွက်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ မတ်လ ၅ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်း ဦးဆောင်၍ ပြုလုပ်နေသည်။

အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပူးပေါင်း၍ အဆိုပါကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်မြို့၊ သခင်မြပန်းခြံမှ စတင်၍ လူစုဝေးကာ တိုင်းဒေသကြီးအစိုးရက ဆန္ဒဖော် ထုတ်ခွင့်ပိတ်ပင်ထားသည့် ၁၁ မြို့နယ်အပါအဝင် အလုံ၊ လမ်းမတော် ၊လသာ၊ ကျောက်တံတား၊ ပန်းပဲတန်းမြို့နယ်တို့ကို ဖြတ်သန်း၍ မြို့တော်ခန်းမရှေ့အထိ ချီတက် ခြင်းဖြစ်သည်။

အငြင်းပွားဖွယ်ဖြစ်နေသည့် အဆိုပါဥပဒေမူကြမ်းကို ပြီး ခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က အမျိုးသားလွှတ်တော် အစည်းဝေးတွင် ဥပဒေကြမ်းကော်တီက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယခင်ကစုဝေးခြင်း သို့မဟုတ် စီတန်းလှည့် လည်လိုသူများသည် ပြုလုပ်မည့်အစီအစဉ်၊ ခန့်မှန်း လူဦးရေကိုသာ သက်ဆိုင်ရာသို့ တင်ပြရမည် ဖြစ်သော်လည်း အခုအခါတွင် ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုပါ တင်ပြရမည်ဟု ဥပဒေမူကြမ်းတွင် ပြင်ဆင်ထားသည်။

ထို့ပြင် ဥပဒေ အခန်း ၇ ပြစ်မှု၊ ပြစ်ဒဏ်တွင် လည်း ပုဒ်မ ၁၈ အဖြစ် မည်သူမဆို နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် ပြည်သူများ၏ ကိုယ့်ကျင့်တရား အကျိုးတို့ကို ပျက်ပြားစေရန်အကြံဖြင့်ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေ ဖြစ်နိုင်ကြောင်း သိလျက်နှင့် ဖြစ်စေ၊ ငွေ သို့မဟုတ် ပစ္စည်းကိုသော် လည်းကောင်း၊ အခြားနည်းလမ်း တစ်ခုခုကိုသော်လည်းကောင်းသုံးစွဲပြီး သူတစ်ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကို ပြုကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ထပ်မံဖြည့်စွက်ထားသည်။

ပုဒ်မ ၁၈ မှ လွဲပြီး ဥပဒေပါ ပြစ်မှုတစ်ခုခုကို ဖောက်ဖျက် ကျုးလွန်းလျှင် ပြစ်မှုကျုးလွန်သည့် နေ့ကစပြီး ၁၅ ရက်အတွင်း သက်ဆိုင်ရာတရားရုံးသို့ တရားစွဲဆိုတင်ပို့ရမည်ဟုလည်း အစားထိုးထားသည်။

ငြိမ်းစုစီဥပဒေကြမ်းပယ်ဖျက်ရေးနှင့်ပတ်သက်၍ မြန်မာ နိုင်ငံတဝှမ်းလုံးရှိ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ၊ နိူင်ငံရေး၊ လူမှုရေး တက်ကြွလှုပ်ရှားကြသည့် အရပ်ဘက် အဖွဲ့အစည်း (၁၈၂) ဖွဲ့နှင့် တသီးပုဂ္ဂလ ၁၆ ဦးတို့က လည်း ကြေညာချက်ထုတ်၍ တောင်းဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly