အိမ်ဖြူတော်အရှေ့၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုသေနတ်နှင့်ပစ်ခတ်မှု ဖြစ်ပွား

အိမ်ဖြူတော်အရှေ့၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုသေနတ်နှင့်ပစ်ခတ်မှု ဖြစ်ပွား

ဝါရှင်တန်၊ အမေရိကန်၊ မတ် ၄ ။             ။ အိမ်ဖြူတော်အရှေ့ဘက်ရှိ လမ်းသွားလမ်းလာလူအုပ်ကြီးရှေ့တွင် စနေနေ့က အမျိုးသားတစ်ဦး မိမိကိုယ်မိမိ သေနတ်နှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့၍ ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့ရကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

“အရွယ်ရောက်အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်” ဟု ဝါရှင်တန်ဒီစီရဲတပ်ဖွဲ့က တွစ်တာမှတဆင့် ကြေညာခဲ့ သည်။

လူဖြူအမျိုးသားတစ်ဦးသည် ဒေသစံတော်ချိန် မနက် ၁၁း၄၆ နာရီခန့်၌ အိမ်ဖြူတော်မြောက်ပိုင်းခြံစည်းရိုး အနီးသို့ ချဉ်းကပ်လာခဲ့ပြီး သေနတ်တစ်လက်ကိုထုတ်ကာ အချက်ပေါင်းများစွာ မိမိကိုယ်ကိုပစ်ခတ်ခဲ့ကြောင်း နှင့် အိမ်ဖြူတော်ဘက်သို့ ချိန်ရွယ်ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း လုံခြုံရေးတပ်ဖွဲ့က ဆိုခဲ့သည်။

မည်သူတစ်ဦးမှ ဒဏ်ရာရရှိခဲ့ခြင်းမရှိသော်လည်း ခရီးသွားဧည့်သည့် ၁၀၀ ဝန်းကျင်ခန့်သည် အိမ်ဖြူတော် အရှေ့ဘက်ရှိ ပန်ဆယ်လ်ဗေးနီးယားရိပ်သာလမ်းပေါ်၌ရှိနေခဲ့ကြပြီး ရုတ်ရုတ်သဲသဲနှင့် အထိတ် တလန့် ဖြစ်ပွားခဲ့ရကြောင်း လုံခြုံရေးဌာနက ဆိုခဲ့သည်။

ရဲတပ်ဖွဲ့နှင့် ဆေးတပ်သားများသည် အခင်းဖြစ်ပွားရာနေရာသို့ လျင်မြန်စွာရောက်ရှိလာခဲ့ပြီး အိမ်ဖြူတော်ကို အရေးပေါ်အခြေအနေအရ ပိတ်ဆို့ထားခဲ့ရကြောင်း သိရသည်။

ဒါ့အပြင် အိမ်ဖြူတော်မြောက်ပိုင်းတစ်ဝိုက်ကို နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

အခင်းဖြစ်ပွားချိန်တွင် သမ္မတဒေါ်နယ်ထရမ့်နှင့် သမ္မတကတော် မီလန်နီယာတို့သည် အိမ်ဖြူတော်၌မရှိပဲ ဖလော်ရီဒါရှိ သူတို့၏နေအိမ်ကြီးတွင် ရှိနေခဲ့ကြောင်းသိရသည်။ သမ္မတထရမ့်သည် စနေနေ့အနှောင်းပိုင်းတွင် ဝါရှင်တန်သို့ပြန်လာပြီး နှစ်စဉ်ကျင်းပနေကြ ဂရီဒီရွန်ကလပ်မီဒီယာ ညစာစားပွဲသို့ တက်ရောက်မည်ဖြစ်သည်။

“အခင်းဖြစ်ပွားမှုနဲ့ပက်သက်လို့ ကျနော်တို့သတိထားနေပါတယ်” ဟု ဒုတိယပြန်ကြားရေးဝန်ကြီး ဟိုဂန်ဂစ်ဒလေက ဆိုခဲ့ပြီး “သမ္မတကြီးကလည်း ညွှန်ကြားမှုတွေပြုလုပ်ထားပါတယ်” ဟု ပြောခဲ့သည်။

ဒေသခံရဲတပ်ဖွဲ့သည် သေနတ်ပစ်ခတ်မှုနှင့်ပက်သက်၍ လုံခြုံရေးတပ်ဖွဲ့နှင့် အခြားအေဂျင်စီများ၏ အကူအညီ ကိုရယူကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့က ဆိုခဲ့သည်။

အိမ်ဖြူတော်အရှေ့တွင် အနှောင့်အယှက်ဖြစ်စေသော အခင်းဖြစ်ပွားမှုများမှာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိ သည်။ ပြီးခဲ့သော ဖေဖေါ်ဝါရီ ၂၃ရက်နေ့ကလည်း အမျိုးသမီးတစ်သီးသည် သူမ၏ယာဉ်နှင့်အတူ သမ္မတနေအိမ်အနီးရှိ လုံခြုံရေးအရံအတားများကို ဝင်တိုက်ခဲ့သောကြောင့် အဖမ်းခံခဲ့ရဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly