MH 370 လေယာဉ်အား အမေရိကန်ကုမ္ပဏီ ရှာဖွေမှု လာမည့်ဇွန်တွင် အဆုံးသတ်မည်

MH 370 လေယာဉ်အား အမေရိကန်ကုမ္ပဏီ ရှာဖွေမှု လာမည့်ဇွန်တွင် အဆုံးသတ်မည်

ကွာလာလမ်ပူ၊ မတ် ၃ ။               ။ ကမ္ဘာတွင် ကြုံရသည့် အကြီးဆုံးသော လေကြောင်းဆိုင်ရာ လျှို့ဝှက်ပဟေဠိတစ်ရပ်ဖြစ်နေသည့် မလေးရှားလေကြောင်းလိုင်းပိုင် MH 370 ခရီးသည်တင် လေယာဉ် ပျောက်ဆုံးမှု လေးနှစ်ပြည့်မြောက်ချိန်အထိ လေယာဉ်ပေါ်လိုက်ပါသူများ၏ ကျန်ရစ်သူမိသားစုများက မျှော်လင့်ချက် ဆက်ရှိနေကြဆဲပင် ဖြစ်သည်။

သို့သော် အဆိုပါ လေယာဉ်ပျောက်ဆုံးမှုအား ရှာဖွေနေသည့် အမေရိကန်ကုမ္ပဏီအနေဖြင့် ရှာဖွေရေးလုပ်ငန်းစဉ်က လာမည့် ဇွန်လအတွင်း အဆုံးသတ်လိမ့်ဖွယ်ရှိကြောင်း မလေးရှားတာဝန်ရှိသူတစ်ဦးက မတ် ၃ ရက်တွင် ပြောသည်။

မလေးရှား၊ သြစတြေးလျနှင့် တရုတ်နိုင်ငံတို့၏ တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာအတွင်း MH 370 ရှာဖွေရေးလုပ်ငန်းစဉ်ကို ပြီးခဲ့သည့်နှစ်က ရပ်နားလိုက်ပြီးနောက် ယခုနှစ် ဇန်နဝါရီလအတွင်း မလေးရှားသည် အမေရိကန် တက္ကဆက်အခြေစိုက် Ocean Infinity ကုမ္ပဏီနှင့် ရှာဖွေရေးအောင်မြင်မှ ငွေအကျေပေးစနစ်ဖြင့် စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ကုမ္ပဏီအနေဖြင့် ဇန်နဝါရီ ၂၂ ရက်တွင် ရှာဖွေရေးအား စတင်ခဲ့ပြီး ယခုဆိုလျှင် MH 230 အား ရှာဖွေနေသည်မှာ ရက်ပေါင်း ၉၀ တိုင်ပြီဖြစ်သည်။

ရှာဖွေရေးယာဉ်များအတွက် သြစတြေးလျတွင် လောင်စာဖြည့်သွင်းရခြင်းနှင့် ဆိုးဝါးသည့် ရာသီအခြေအနေတို့ကြောင့် ရက်ပေါင်း ၉၀ မှာလည်း လအနည်းငယ်မျှသာ ရှာဖွေရေးကို လုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း မလေးရှားလေကြောင်းဆိုင်ရာ အကြီးအကဲ အဒူရက်ရှ်မန်းက ပြောသည်။

ကွာလာလမ်ပူအနီးရှိ ရှော့ပင်းမောလ်တစ်ခုတွင် အောင်းမေ့ဖွယ်အခမ်းအနား ကျင်းပရာတွင် ရက်ရှ်မန်းက ရှာဖွေရေးကို ချောချောမောမော ဆောင်ရွက်နေပြီး လာမည့် ဇွန်တွင် အပြီးသတ်ဖွယ်ရှိကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် မတ် ၈ ရက်က ခရီးသည် ၂၃၉ ဦးဖြင့် ကွာလာလမ်ပူမှ ပေကျင်းသို့ ဦးတည်ပျံသန်းသော MH 370 လေယာဉ်သည် အဆက်အသွယ်ပြတ်တောက်ပြီးနောက် ထူးဆန်းစွာ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly