ကလေးများကို အဓိကရည်ရွယ်အသိပညာပေးသော တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး လှုပ်ရှားမှုပြုလုပ်

ကလေးများကို အဓိကရည်ရွယ်အသိပညာပေးသော တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး လှုပ်ရှားမှုပြုလုပ်

 

ရန်ကုန်၊ မတ်လ ၃ ။                  ။ မေလ ၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အထိမ်းအမှတ်အဖြစ် ကလေးများအား အဓိက ရည်ရွယ်အသိပေးသည့် ပညာပေးလှုပ်ရှားမှုအစီအစဉ်များကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပညာပေး လှုပ်ရှားမှု အစီအစဉ်ကို မတ်လ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။

“ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနေ့ လှုပ်ရှားမှုအစီအစဉ်ဆိုပြီးတော့ ကလေးတွေကို အဓိက ရည်ရွယ်ပြီး တောရိုင်းတိရစ္ဆာန်တွေရဲ့ နေရင်းဒေသတွေ၊ ပြီးတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေသဘာဝတွေ၊ သူတို့မျိုး သုဉ်း ရခြင်းရဲ့အကြောင်းတွေကို ပညာပေးအနေနဲ့ ပြောပြပြီး သူတို့ကို မေးခွန်းလေးတွေပြန်မေးပြီးတော့ အမှတ်တရ လက်ဆောင်လေးတွေ ပေးတဲ့အစီအစဉ်ရယ်၊ နောက်တစ်ခါ ဂိမ်းလေးတွေထည့်ထားပေးပါတယ်။ အမှတ်တရ အရုပ်ဆက်တာတို့၊ ဘာတို့ပေါ့။ တောရိုင်းတိရစ္ဆာန်လေးတွေ ဆက်တာနဲ့ ပတ်သက်ပြီးတော့လုပ်ထားတာ ပေါ့”ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ် (ပညာပေးဌာန)မှ မသက်စုမွန်ကပြောသည်။

မြန်မာနိုင်ငံအတွင်း မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် တိရစ္ဆာန်များထဲမှ ဆင်၊ ကျား၊ ရွှေသမင်း၊ ကြံ့သူတော် အပါအဝင် မျိုးစိတ်ပေါင်း ၉ မျိုးထိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲတွင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

“ ဒီမှာပြသထားတာဆိုရင်တော့ ပေါများတဲ့ မျောက်လိုမျိုး မျိုးစိတ်တွေလည်း ပါတာပေါ့နော်။ ဒါပေမယ့် ကျန်တဲ့အများစုကတော့ သဘာဝတောထဲတွေမှာ ရှားပါးနေပြီးဖြစ်တဲ့ တိရစ္ဆာန်တွေကိုပဲ ထိန်းသိမ်းစောင့် ရှောက်ပြသထားဖြစ်ပါတယ်”ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ စီမံမန်နေဂျာ ဦးမျိုးကျော်သူက ပြောသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲတွင် ထိန်းသိမ်းစောင့်ရှောက်ထားသော နို့တိုက်တိရစ္ဆာန်၊ တွားသွားတိရစ္ဆာန်နှင့် ကျေးငှက်ပေါင်း အကောင်ရေ ၁၄ဝဝ ကျော်ထိရှိပြီး နို့တိုက်မျိုးစိတ် ၄၆ မျိုး၊ တွားသွားမျိုးစိတ် ၂ဝ မျိုးနှင့် ကျေးငှက်မျိုးစိတ် ၇ဝ ထိရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly