အလွတ်မရသော မျက်နှာများ

အလွတ်မရသော မျက်နှာများ

ကျွန်တော်ဟာ ၁၉၈၉ ခုနှစ် နဝတ စစ်အစိုးရ (တပ်မတော်အစိုးရ ) တက်လာပြီး တစ်ခဏအတွင်းမှာ ကိုပဲ နိုင်ငံရေးမှုနဲ့ သေဒဏ်ရယ် ၊ တစ်သက်တစ်ကျွန်းရယ် အမှုနှစ်မှုနဲ့ ထောင်ချခြင်းခံရပါတယ် ။ ကံကောင်းလို့ပဲပြောရလေမလား ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက် ပြီး မရှေးမနှောင်းကာလမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာအဖွဲ့အစည်းအချို့ရယ် ၊ ကိုမင်းကိုနိုင်အပါအဝင် ပြည်တွင်း အင်အားစုတွေရယ်နဲ့ ကျွန်တော့လွတ်မြောက်ရေးဆုတောင်းပွဲတွေ ကြောင့် ထောင်ထဲမှာ ၂၃ နှစ် အကျဉ်းခံ ဘဝက ပြန်လည်လွတ်မြောက်ခဲ့ရပါတယ် ။ ကံကောင်းလို့ မသေ သံချောင်းတို့ အဖေ လို့ခေါ်မလား ။

ထောင်အကြောင်းလေးနဲနဲပြောရရင် ထောင်ထဲမှာ ကျွန်တော်တို့ဟာ ဆာလောင်မွတ်သိပ်မှုတွေရှိပါ တယ် ။ အပြင်လောကနဲ့ကင်းကွာနေတဲ့လူသားတွေဆိုတော့ အဆိုးဆုံးငတ်မွတ်မှုကတော့ လူငတ် တာနဲ့ စာငတ် တာပဲဖြစ်ပါတယ် ။ လူငတ်တယ်ဆိုတာက ကျွန်တော်နေတဲ့သရက်ထောင်မှာ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေထားတဲ့ တိုက်တွေဟာ ၄ ခုရှိပါတယ် ။ မျက်စိထဲမြင်အောင် ပြောရရင် တိုက်တန်းးလျား ၄ ခုဆိုပါတော့ ။ အဲဒီတိုက်တန်းလျား ၄ ခုဟာ တစ်ခုထဲသီးခြားရှိသလို၊ နောက် ၃ ခုက တစ်ခုနဲ့တစ်ခု အုတ်တံတိုင်းကြီးတွေနဲ့ ခြားထားပါတယ် ။ တိုက်တစ်တိုက်မှာ ၁၂ ခန်းရှိတဲ့ တိုက်ရှိသလို ၊ ၈ ခန်းပဲရှိတဲ့ တိုက်လည်းရှိပါတယ် ။ အခန်းတစ်ခန်းကို ၈ ပေ × ၁၀ ပေ ရှိပါတယ် ။ အဲဒီတိုက်ခန်းကျဉ်းလေးထဲမှာ လူနည်းတဲ့အခါ တစ်ယောက် ၊ လူများတဲ့အခါ နှစ်ယောက် နေရပါတယ် ။ အိပ်လည်း ဒီအခန်း ၊စားလည်း ဒီအခန်း ၊ အပေါ့ အလေးသွားလည်း ဒီအခန်းထဲမှာပဲ ဖြစ်ပါတယ် ။

အဲဒီတော့ကျွန်တော်တို့ဟာ တစ်တိုက်နဲ့ တစ်တိုက် ကူးသန်းလို့မရတဲ့အပြင် လူတွေကိုတောင်လှမ်း မမြင်ရအောင်လုပ်ထားတော့ ကိုယ့်တိုက်ထဲမှာနေတဲ့သူအချင်းချင်းပဲ နေ့စဉ် တွေ့ချင်သည်ဖြစ်စေ ၊ မတွေ့ ချင်သည်ဖြစ်စေ ၊ မြင်ချင်သည်ဖြစ်စေ ၊ မမြင်ချင်သည်ဖြစ်စေ တွေ့မြင်နေကြရတာပဲဖြစ်ပါ တယ် ။ အဲဒီအတိုင်းပဲနေကြရပြီး နှစ်နှစ်ကျော် သုံးနှစ်လောက်ကြာမှ အပြောင်းအရွှေ့ရှိတာဖြစ်လို့ အပြောင်းအရွှေ့ မရှိခင်စပ်ကြားမှာ ဒီလူဒီမျက်နှာတွေကို နေ့စဉ်မြင်တွေ့နေရတော့၊ ဒီမျက်နှာတွေကို အလွတ်ရနေတော့ ၊လူ့သဘာဝအရ ငြီးငွေ့ပြီး တခြားလူတွေကိုလည်း တွေ့ချင် မြင်ချင် ၊စကားပြော ချင် ဆက်ဆံချင်ကြတာပဲဖြစ်ပါတယ် ။ အဲဒါကို လူငတ် တယ်လို့ခေါ်တာဖြစ်ပါတယ် ။ နေ့တိုင်း ကြက်သားဟင်းချည်းပဲ စားနေရတော့ ငါးပိရည် တို့စရာလေးတွေ ငတ်သလို ၊ စားချင်သလိုပေါ့ ။

မကွေးတိုင်း ၊ သရက်မြို့အကျဉ်းထောင်က ဆိုင်းမဆင့်ဗုံမဆင့် လွှတ်ပေးတာဖြစ်လို့ ၊ သရက်ထောင် ရှေ့မှာ ကျွန်တော့ကို လာကြိုတဲ့သူ တစ်ဦးတစ်ယောက်မှ မတွေ့ဘဲ ၊ နယ်မြေ စရခ နဲ့ ရဲသတင်း တပ်ဖွဲ့က အောင်လံဖက်ကမ်းအထိ လိုက်ပို့ပေးပါတယ် ။ ကျွန်တော်နဲ့ နောက်တစ်ယောက်လည်း သရက်ထောင် ကနေလွတ်ပါတယ် ၊သူ့ကိုလည်း ထောင်နေသားမပြည့်ခင်လွှတ်ပေးတာပဲဖြစ်ပါတယ် ။ ထူးခြားတာက ကျွန်တော်နဲ့ အတူလွတ်တဲ့သူဆိုတာ ပညာတတ် ရာဇဝတ်လူဆိုးတစ်ဦးပဲဖြစ်ပါတယ် ။ သူလည်းလွတ်ဖို့ နှစ်တွေ အများကြီးကျန်သေးတယ်လို့လည်းပြောပါတယ် ။ ဘာ့ကြောင့်သူကို လွှတ်ပေးတာလည်းဆိုတာ သူလည်း မသိဘူးလို့ပြောပါတယ် ။ ကျွန်တော်နဲ့အတူ သူနဲ့ စက်တပ်လှေ တစ်စင်းနဲ့ အောင်လံဖက် ကမ်းကို ကူးပါတယ် ။သူက ရန်ကုန် မြောက်ဥက္ကလာကိုပြန်မယ်လို့ပြောပါ တယ် ၊ သူ့ကို ပိုက်ဆံ လုံလောက်ရဲ့လားလို့မေးကြည့်ရာ မလုံလောက်မှန်းသိတော့ ကျွန်တော်ကပဲ သူ့ကို ဘယ်လို မှ မအောင့်မေ့ပါနဲ့လိုဆိုကာ ပိုက်ဆံ တစ်သောင်း မုန့်ဖိုးပေးလိုက်ပါတယ် ။ ခု . . သူ့ကိုမြင်ရင် ကျွန်တော် လုံးဝမှတ်မိမှာ မဟုတ်တော့ပါဘူး ။ ဒါက ကျွန်တော် ထောင်ကလွတ်ပြီး ပထမဆုံးမြင်ရ သိရ တွေ့ရတဲ့မျက်နှာ ။

အောင်လံဖက်ကမ်းရောက်ခါနီး ကမ်းကိုသဲသဲကွဲကွဲမြင်ရတဲ့အချိန်မှာတော့ အလံနီရယ် ၊ အကျီ ၤဖြူ နဲ့ ကချင်လုံချည်ဝတ် လူငယ်တွေက ကမ်းနားကနေ ကျွန်တော့ နံမည်ကို အော်ခေါ်ပါတယ် ၊ကျွန်တော် လည်း လက်ဝှေ့ရမ်းပြီး သူတို့ကို နှုတ်ဆက်ပါတယ် ။ ကမ်းကပ်တော့ သူတို့က အောင်လံမြို့နယ် အမျိုးသားဓီမိုကရေစီ အဖွဲ့ချုပ်မှဖြစ်ကြောင်းပြောပါတယ် ။ ကျွန်တော်ကလည်း အလံကိုမြင်လိုက်ရတဲ့ အတွက် သိရှိကြောင်း ၊ဝမ်းသာကြောင်းပွေ့ဖက်နှုတ်ဆက်ပြီး သူတို့က တစ်ခါထဲ အောင်လံမြို့ရဲ့ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းကို ခေါ်ဆောင်သွားပါတယ်။ ကျွန်တော်နဲ့အတူလွတ်လာ တဲ့သူကိုတော့ ကျွန်တော်တော့သွားပြီ ခင်ဗျားလည်း ကိုယ့်အစီအစဉ်နဲ့သာပြန်ပေတော့လို့ ပြောလိုက် ပါတော့တယ် ။

အောင်လံမြို့နယ် အဖွဲ့ချုပ်ကိုရောက်တော့ ထောင်ထဲမှာ အတူနေခဲ့သူတွေဖြစ်တဲ့ အောင်လံမြို့နယ် အဖွဲ့ချုပ်က ကိုအေးမြင့် ၊ ကိုအေးကျော်တို့က စောင့်ကြိုနေကြပါတယ် ။ ရုံးခန်းထဲမှာ အဖွဲ့ချုပ်လူငယ် တွေနဲ့ ဝိုင်းဖွဲ့ထိုင်ပြီး တစ်ဦးချင်းမိတ်ဆက်ကြ ၊တစ်ရင်းတစ်နှီး စကားပြောကြပါတယ် ။ ထောင်ဗူးဝမှာ အာဏာပိုင်တွေက ထောင်ကလွတ်တာ ဘယ်လိုနေလဲလို့မေးတော့ ကျွန်တော်က ဘယ်လိုမှမနေ ကြောင်း ၊ ဝမ်းမသာ ကြောင်း ၊ အပြစ်မရှိဘဲ ထောင်ထဲထည့်ထားတာ ၂၃ နှစ်တောင်ကြာကြောင်း ၊ လွှတ်ပေးတဲ့အတွက် လည်း ကျေးဇူးမတင်ကြောင်း တွေကို အောင်လံမြို့က လူငယ်တွေကိုပြောပြပြီး အခုလို အဖွဲ့ချုပ် လူငယ်တွေနဲ့တွေ့တော့မှ ပျော်ရွှင်မှုကို ခံစားရကြောင်း ၊ လူကလည်းပေါ့ပါးသွား ကြောင်း၊ လူငယ်တွေ ကို စုစုစည်းစည်းနဲ့ ၂၃ နှစ်ကြာတော့မှ ပြန်မြင်ရလို့ ပျော်ရွှင်မိကြောင်း ပြော တော့ သူတို့လည်း ကျွန်တော့ရဲ့ အပျော်တွေ ကူးဆက်သွားပါတော့တယ် ။

တစ်နေ့လုံး အနားယူတဲ့အချိန်တောင်မရှိဘဲ စကားတွေဖောင်ဖွဲ့လိုက် ၊ ရန်ကုန်က သူငယ်ချင်းတွေနဲ့ ဖုန်းနဲ့စကားပြောလိုက် ၊ နှုတ်ဆက်လိုက် ၊ DVB ၊ BBC ၊ RFA ၊ VOA သတင်းဌာနတွေနဲ့ တစ်ခုပြီး တစ်ခု ဖုန်းနဲ့ အင်တာဗျူးလုပ်လိုက်နဲ့ ညဖက်ရောက်တော့ ကျွန်တော့ကို ရန်ကုန်သွားမယ့် ကားပေါ် လိုက်ပို့ကြပါတယ် ။ တစ်ခါမှ မစီးဘူးတဲ့ မှန်လုံလေအိပ် Express ကားစီးပြီး ရန်ကုန်ကိုပြန်လာခဲ့ရာ လမ်းမှာ ကားကဘရိတ်အုပ်လေလေ အခုမှ ကားကို စပြီးစီးလို့ ခေါင်းမူးလေလေနဲ့ ရန်ကုန်ကားဂိတ်ကို မနက်စောစော ရောက်ပါတော့တယ် ။

ရန်ကုန်ရောက်တော့ ရန်ကုန်တိုင်းနဲ့ သန်လျင်မြို့နယ် အဖွဲ့ချုပ်လူငယ်တွေ ၊ တစ်ထောင်ထဲနေခဲ့တဲ့ ကိုဘမျိုးသိန်း ၊ညီညီဦး ၊ ကိုဗထူးမောင် တို့က ကားပေါ်ကဆင်းဆင်းချင်း ကျွန်တော့ကို ကြိုဆို ကြောင်း ဗီနိုင်းများ ကိုင်ဆောင်ကာ ကြိုဆိုကြပါတယ် ။ တစ်ခါ သန်လျင်ကိုရောက်တော့လည်း သန်လျင်တံတားအဆင်းမှာလည်း ဗီနိုင်းတွေကိုင်ပြီး ကျွန်တော့ကို ကြိုဆိုတဲ့သူတွေလည်း တွေ့ရပါ သေးတယ် ။ တစ်ဆက်တည်းမှာပဲ သန်လျင်မြို့နယ် ကျောင်းသားတွေရဲ့ အိုးဝေစာကြည့်တိုက်နဲ့ ပညာဒါနကျောင်းဖွင့်ပွဲကို ကိုမင်းကိုနိုင်နဲ့အတူ ဖွင့်ပေးပြီး အဖွင့်အမှာစကား ပြောလိုက်ပါသေးတယ် ။

ကျွန်တော်ဆိုလိုချင်တာက ကျွန်တော်ဟာ ချက်ချင်းကြီးလွတ်တယ် ။ လွတ်ပြီး လူတွေ အများကြီးကို တွေ့ရတယ် ။ရင်းရင်းနှီးနှီးကိုတွေ့ပြီး စကားတွေပြောဖြစ်တယ် ။ အဲဒီလူတွေအားလုံးကို ကျွန်တော် မမှတ်မိတော့တာပဲဖြစ်ပါတယ် ။ ကျွန်တော် ထောင်ထဲမှာ ၂၃ နှစ်တာ မှတ်ထားတဲ့မျက်နှာတွေက နေ့စဉ် ဖြစ်လေတော့ အလွတ်ကိုရနေပြီး တစ်ရေးနိုး အိပ်မှုန်စုံမွှားဖြစ်နေရင်တောင် မှတ်မိနေပါတယ် ။ ခုမှ ချက်ချင်းခဏတာတွေ့ကြရတဲ့ တကယ့် မိတ်ဆွေရင်းတွေကို လုံးဝမမှတ်မိတာတော့ ကျွန်တော့ ကို အားလုံးက ခွင့်လွှတ်ကြလို့ ဝမ်းသာရပါ တယ် ။ စိတ်မကောင်းဖြစ်မိတာကတော့ ကိုယ်အပေါ် ရင်းနှီး ကြတဲ့သူတွေကို ဒီနေ့ဒီအချိန် အထိ အများစုကို ပြန်မတွေ့ကြတော့တာပဲဖြစ်ပါတော့တယ် ။    ။

Mizzima Weekly