ပိုက်ဆံကို ဘဏ်မှာအပ်ပြီး ကထိန်လည်း ခင်းမယ်ဆိုတဲ့ ၁၂ ကြိမ်မြောက် သိန်း ၁ သောင်း ကံထူးရှင်

ပိုက်ဆံကို ဘဏ်မှာအပ်ပြီး ကထိန်လည်း ခင်းမယ်ဆိုတဲ့ ၁၂ ကြိမ်မြောက် သိန်း ၁ သောင်း ကံထူးရှင်

၁၂ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲရဲ့ ကျပ် သိန်းတစ်သောင်းဆု ကံထူးရှင်ကတော့ ရလာတဲ့ငွေကို လှူဒါန်းဖို့နဲ့ ဘဏ်မှာ အပ်ထားဖို့ စိတ်ကူးရှိတယ်လို့ မဇ္ဈိမကို ပြောပါတယ်။

 တစ်လတစ်ခါ ပုံမှန်ထိုးလေ့ရှိတဲ့ ဒေါ်ယုယုက ငါးစောင်တွဲထီများထဲမှ ကဋ ၅၉၂၁၆၆ နံပါတ်နဲ့  ကျပ် သိန်း ၁ သောင်း ဆွတ်ခူးခဲ့တာဖြစ်ပြီး မန္တလေးမြို့ ခိုင်ရွှေဝါ ထီဆိုင်က ဝယ်ယူခဲ့တာပါ။

“ တစ်လတစ်ခါတော့ ထိုးတာပဲ ။ အခုတစ်ခါက ၅ စောင်ထဲက ပေါက်တာ။ အလုပ်ကတော့ မလုပ်တော့ဘူး။ သားသမီးတွေနဲ့ ပိုက်ဆံကို ဘဏ်လေး ဘာလေးအပ်ပြီး  ဘဏ်တိုးလေးနဲ့ စားမယ်။ ကထိန်လည်း ခင်းမယ်။ ကျောင်းကိုလည်း ကြွေပြားတွေ ဘာတွေက အစ လုပ်ပေးမယ်။ ဘုန်းကြီးလည်း ကားလှူမယ်” လို့ မန္တလေးမြို့ ၃၃ လမ်း၊ ၃၄ လမ်း၊ ၈၅ လမ်း၊ ကြတ်ခင်းဝင်းမှာနေတဲ့  ကံထူးရှင် ဒေါ်ယုယုက ပြောပါတယ်။

ဒီလိုလှူဒါန်းတာတွေအပြင် သူ အာမခံပေးထားတဲ့ ငွေကြေးတစ်ချို့ကို  စိုက်ပြီး ဆပ်ပေးဖို့ သူက စိတ်ကူးရှိပါသေးတယ်။

“ ပြောရရင် ခံစားမှုက အဲလောက်ကြီး မရှိပါဘူး။ လှူချင်တာလေး လှူရရင်ပျော်တယ်။ သူများကို အာမခံ ပေးထားတဲ့ အကြွေးလေးတွေကို ဆပ်ပြီး စိုက်ပေးချင်တာနဲ့ အဲဒါလေး လုပ်ရမှာမို့ စိတ်ချမ်းသာပါတယ်” လို့ ပြောပါတယ်။

သားသမီးတွေကို ကိုယ်ပိုင်အိမ်လေးတွေ ဝယ်ပေးဖို့ စိတ်ကူးရှိတယ်လို့ ဒေါ်ယုယုက ပြောသွားပါတယ်။

ကံထူးရှင်တွေအနေနဲ့ ထီဆုငွေလာထုတ်မယ်ဆိုရင်တော့ မှတ်ပုံတင်မူရင်း/မိတ္တူ၊ သန်းခေါင်စာရင်းမူရင်း/မိတ္တူ လိုင်စင်ဓာတ်ပုံသုံးပုံ တို့ကို ယူဆောင်လာဖို့လိုကြောင်းလည်း ထီရုံးမှ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly