ကုလသမဂ္ဂ၏ စစ်ဆေးမှုကို ကူညီပူးပေါင်းမည်မဟုတ်ကြောင်း ဒူတာတေးပြော

ကုလသမဂ္ဂ၏ စစ်ဆေးမှုကို ကူညီပူးပေါင်းမည်မဟုတ်ကြောင်း ဒူတာတေးပြော

မနီလာ၊ မတ် ၂ ။          ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ၎င်း၏ လက်ထက်အတွင်း တရားမဲ့သတ်ဖြတ်ခြင်းများအရေးနှင့် ပတ်သက်ကာ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမည်ကို ၎င်းအနေဖြင့် ကူညီပူးပေါင်းမည်မဟုတ်ကြောင်း မတ် ၁ ရက်က ပြောလိုက်သည်။

ရဲနှင့် စစ်သားများအနေဖြင့်လည်း မည်သည့်စုံစမ်းမှုတွင်မှာ မပါဝင်ရန်လည်း ၎င်းက ပြောသည်။

ဒူတာတေး၏ အသေအကျေများပြားသော မူးယစ်နှိမ်နင်းရေးစစ်ပွဲအတွင်းက သေဆုံးမှုများကို စစ်ဆေးရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ် လာရောက်မည်ကို ကြိုဆိုကြောင်း ၎င်းတို့အစိုးရက   ပြောလိုက်ပြီးနောက်တွင် ယခုကဲ့သို့ စိတ်ဆိုးဒေါသဖြင့် ပြောဆိုလာခြင်းလည်း ဖြစ်သည်။

“ကုလသမဂ္ဂ ကိုယ်စားလှယ်ပဲဖြစ်ဖြစ် တာဝန်ရှိသူတွေပဲ ဖြစ်ဖြစ် လာရောက်ရင် ဘာမှ မပြောကြဖို့ ကျွန်တော်အမိန့်ပေးတယ်။ ကျွန်တော့်နိုင်ငံကို ကျွန်တော် စီမံရာမှာ အနှောင့်အယှက် ပေးကြမှာ ဖြစ်လို့ပဲ။”ဟု ရဲနှင့် စစ်သားများ စုရုံးတွေ့ဆုံမှုတစ်ရပ်တွင် ဒူတာတေးက ပြောသည်။

“တကယ်လို့ သူတို့တွေက အမှားလုပ်တာနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ကို မေးလာရင် ဘာမှ မဖြေကြနဲ့။ ဘာကြောင့် မဖြေလည်း သူတို့က မေးလာရင် ကျွန်တော်တို့မှာ စစ်ဦးစီးချုပ် ရှိတယ်၊ သူနဲ့ပဲ ပြောလို့ ဖြေကြပါ။”ဟု ၎င်းက ဆိုသည်။

ထိုပြင် ကုလအထူးကိုယ်စားလှယ်ကို ရည်ညွှန်းကာ “ခင်ဗျားက ကျွန်တော်တို့ကို စုံစမ်းစစ်ဆေးမယ်။ အချက်အလက် ရှာမယ်ပေါ့။ ဒါဆိုရင် ဝမ်းနည်းစရာပဲ။ ကျွန်တော့်ကိုတော့ ဒီလို မတော်မရော် လာမလုပ်နဲ့။”ဟု ဒူတာတေးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဂျနီဗာတွင် ကျင်းပသော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ဖိလစ်ပိုင်က လူ့အခွင့်အရေးမှတ်တမ်းများနှင့် ပတ်သက်ပြီး အရေးဆိုဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် အိုက်လန်းနိုင်ငံခြားရေးဝန်ကြီး ဂူဒလုဂါသားဒါဆန်က ကုလသမဂ္ဂအထူးကိုယ်စားလှယ် လာရောက်ခြင်းကို ဖိလစ်ပိုင်က လက်ခံရန် ပြောဆိုတိုက်တွန်းထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly