လိင်ကျွန်အမျိုးသမီးများကိစ္စ ကျေအေးပြီးပြတ်ရာ မရောက်သေးဟု တောင်ကိုရီးယားက ဂျပန်ကို သတိပေး

လိင်ကျွန်အမျိုးသမီးများကိစ္စ ကျေအေးပြီးပြတ်ရာ မရောက်သေးဟု တောင်ကိုရီးယားက ဂျပန်ကို သတိပေး

မတ် ၁ ။           ။ ဒုတိယကမ္ဘာစစ်အတွင်းက ကိုရီးယားအမျိုးသမီးများ ဂျပန်စစ်တပ်၏ လိင်ကျွန် အပြုခံရသည့် အငြင်းပွားကိစ္စမှာ ယခုအချိန်တွင် ကျေအေးပြီးပြတ်သွားခဲ့ပြီဟု ဂျပန်တို့ဘက်က ထင်မှတ်ယူဆနေမည်ဆိုပါက မှားယွင်းလိမ့်မည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက သတိပေးပြောကြားလိုက်သည်။

ဆိုးလ်မြို့တွင် ကျင်းပသည့် ကိုရီးယားတို့၏ မတ်လ ၁ ရက် လှုပ်ရှားမှု  ၉၉ နှစ်မြောက်အခမ်းအနားမှာ သမ္မတ မွန်းဂျေအင်းက အထက်ပါအတိုင်း ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဂျပန်နှင့်အငြင်းပွားနေလျက်ရှိသည့် အရှေ့ပင်လယ် (ဂျပန် ပင်လယ်) ရှိ အငြင်းပွားကျွန်းစုများသည်လည်း တောင်ကိုရီးယား၏ အချုပ်အချာအာဏာပိုင်ဖြစ်ကြောင်း ၎င်းက အခိုင်အမာ ပြောဆိုသွားသေးသည်။

မတ်လ ၁ ရက်သည် ကိုရီးယားတို့ ဂျပန်ကို တော်လှန်ပြီး လွတ်လပ်ရေးအတွက် စတင်လှုပ်ရှားခဲ့သည့် ဖြစ်ရပ် နှစ်ပတ်လည်နေ့ ဖြစ်သည်။

ကိုရီးယားကျွန်းဆွယ်ကို ၁၉၁၀ မှ ၁၉၄၅ အထိ ဂျပန်တို့က အုပ်ချုပ်ခဲ့သည်။

ဒုတိယကမ္ဘာစစ် မဖြစ်ခင်နှင့် စစ်အတွင်းကာလများက ဂျပန်တို့အနေဖြင့် ကိုရီးယားအမျိုးသမီးများအပါအဝင် အာရှဒေသအမျိုးသမီးများကို ၎င်းတို့စစ်တပ်အတွက် လိင်ကျွန် ဇိမ်မယ်များအဖြစ် အတင်းအကျပ် သွတ်သွင်းခိုင်းစေခဲ့သည်ဟု သိရသည်။

အဆိုပါ ဇိမ်မယ် စနစ်တွင် သားကောင်ဖြစ်ခဲ့ရပြီး လွတ်မြောက်လာသူ တောင်ကိုရီးယားအမျိုးသမီးများကို ထောက်ပံ့ကူညီရန်အတွက် တိုကျိုဘက်က ကန်ဒေါ်လာ ၉ သန်း ပေးရမည်ဟု ၂၀၁၅ ခုနှစ်က နှစ်နိုင်ငံအကြား သဘောတူထားခဲ့သည်။

သို့သော် အဆိုပါ ၂၀၁၅ သဘောတူညီချက်တွင် အပြစ်အနာအဆာချို့ယွင်းမှုများ ရှိနေကြောင်း၊ ယင်းအပြင် အဆိုပါ ဇိမ်မယ်ကိစ္စမှာ ကျေအေးပြီးပြတ်မှု မရသေးဘဲ လုံလောက်သည့် ညိနှိုင်းဆွေးနွေးမှု အားထုတ်ကြိုးပမ်းမှုများ မရရှိသေးကြောင်း တောင်ကိုရီးယားအစိုးရက ဇန်နဝါရီလတွင် ထုတ်ဖော်ပြောဆိုထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly