မန်ယူအသင်းကွင်းချဲ့မည် အစီအစဉ်ကိုရပ်ပြီး မော်ရင်ဟိုကိုအပြောင်းအရွှေ့ အသုံးစရိတ်ထုတ်ပေးရဖွယ်ရှိနေ

မန်ယူအသင်းကွင်းချဲ့မည် အစီအစဉ်ကိုရပ်ပြီး မော်ရင်ဟိုကိုအပြောင်းအရွှေ့ အသုံးစရိတ်ထုတ်ပေးရဖွယ်ရှိနေ

မတ် ၁၊ မန်ချက်စတာ။           ။ မန်ချက်စတာယူနိုက်တက်အသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မော်ရင်ဟိုကိုစရိတ်ထုတ်ပေးရန်ပြန်လည် ဆုံးဖြတ်ခြင်းဖြင့် ဘောလုံးကွင်းကို ပရိသတ် ၈၈, ၀၀၀ ဆံ့အောင်တိုးချဲ့မည့်အစီအစဉ်အား ရပ်ဆိုင်းရဖွယ်ရှိနေသည်။

ယူနိုက်တက်သည် ပွဲကြည့်စင်အနေအထားကိုအဆင့်မြှင့်တင်ရန်နှင့် ပရိသတ်များပိုမိုအားပေးကြည့်ရှုနိုင်ရန် လက်ရှိ ၇၅, ၀၀၀ ဆံ့ကွင်းကို တိုးချဲ့ရန်အစီအစဉ်ရှိခဲ့သည်။

ယင်းအစီအစဉ်ကိုသုံးသပ်ပြီးနောက် အသင်း၏ဦးစားပေးအစီအစဉ်မှာ ကစားသမားအင်အားတောင့်တင်းလာစေရန် နည်းပြကို အပြောင်းအရွှေ့အသုံးစရိတ်ထုတ်ပေးရန်ဖြစ်သည်ဟု အသင်းအတွင်းလူတစ်ဦးကပြောကြောင်း ဒေးလီးမေးလ်သတင်းတွင် ဖော်ပြထားသည်။

အိုးထရက်ဖို့ဒ်ကွင်း၏လက်ရှိပုံစံမှာ ဆူညံစူးရှသည့်အသံများဖန်တီးနိုင်စွမ်းနည်းသည်ဟု ပရိသတ်များကဝေဖန်နေကြပြီး မော်ရင်ဟိုကလည်း အသင်းအမှုဆောင်ဒုဥက္ကဋ္ဌ ဝုဒ်ဝက်ဒ်နှင့် ဆွေးနွေးခဲ့ဖူးသည်။

သို့သော်လည်း ၂၀၁၆ မေတွင်ရောက်ရှိလာပြီးကတည်းက ပေါင်သန်း ၃၀၀ သုံးထားသော်လည်း ပေါ်တူဂီလူမျိုးနည်းပြ၏ လူစာရင်းမှာ အင်အားထပ်ဖြည့်ရန်လိုနေသေးသည်။

မော်ရင်ဟို၏အသင်းမှာ ပရီးမီးယားလိဂ်ဦးဆောင်သူမန်စီးတီး၏နောက် ၁၃ မှတ်အကွာတွင်ရှိနေပြီး ချန်ပီယံလိဂ်၊ အက်ဖ်အေ ဖလားပြိုင်ပွဲများအတွင်းရှိနေသေးသော်လည်း အသက် ၃၂ နှစ်ရှိ အက်ရှ်လေယန်း၊ ဗလင်စီယာအစရှိသော သက်ကြီးကစားသမားများအပေါ် မှီခိုနေရသေးသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly