ဆီးရီးယားမြေက ငရဲခန်းကို နိဂုံးသတ်ကြဖို့ ကုလသမဂ္ဂအကြီးအကဲ တိုက်တွန်း

ဆီးရီးယားမြေက ငရဲခန်းကို နိဂုံးသတ်ကြဖို့ ကုလသမဂ္ဂအကြီးအကဲ တိုက်တွန်း

ဂျနီဗာ၊ ဖေဖော်ဝါရီ ၂၆ ။         ။ လုံခြုံရေးကောင်စီက မူပြဌာန်းသည့် ဆီးရီးယားတွင် ရက် ၃၀ အပစ်ရပ်ရေး အကောင်အထည် အသက်ဝင်ရေးကို ကုလသမဂ္ဂအကြီးအကဲက ဖေဖော်ဝါရီ ၂၆ ရက်တွင် တိုက်တွန်းလိုက်သည်။

ထိုအတူ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယိုဂူတာရက်စ်က ဆီးရီးယား အရှေ့ပိုင်း ဂေါ့တာအရပ်သည် ကမ္ဘာပေါ်က ငရဲဖြစ်ပြီး ယင်းကို အဆုံးသတ်နိုင်ကြရေးကိုလည်း တိုက်တွန်းပြောဆိုသည်။

ဂေါတာအရပ်သည် သူပုန်ထိန်းချုပ်သော မြို့တော် ဒမတ်စကပ် ဆင်ခြေဖုံးအရပ်ဖြစ်ပြီး ပြီးခဲ့သည့် ရက်များအတွင်း ဗုံးခွဲတိုက်ခိုက်မှုများ ပြင်းထန်စွာ ဖြစ်ပွားနေခဲ့ရာ အရပ်ဖြစ်သည်။

ကုလသမဂ္ဂ၏ ဂျနီဗာရုံးတွင် လူ့အခွင့်အရေးကောင်စီတစ်ရပ် ဖွင့်လှစ်ခြင်းတွင် ဂူတာရပ်စ်က ဆီးရီးယား အပစ်ရပ် ဆုံးဖြတ်ချက်အပေါ် ရှုတ်ချလိုက်သော်လည်း ယင်းဆုံးဖြတ်ချက်၏ ရည်ရွယ်ချက်ကို တတ်နိုင်သမျှ ပါဝင်အကောင်အထည်ဖော်ကြရမည်သာ ဖြစ်ကြောင်း၊ အဓိကအားဖြင့် အရှေ့ပိုင်းဂေါတာအရပ်၏ ဖြစ်ပွားနေသော အနိဌာရုံများ ချုပ်ငြိမ်းသွားရေး ဖော်ဆောင်ရမည်ဖြစ်ကြောင်း ဂူတာရပ်စ်က ပြောကြားသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အရှေ့ပိုင်းဂေါတာအရပ်တွင် ဆီးရီးယား၏ ဘာရှာအယ်အာဆတ် အစိုးရကို သစ္စာခံသော တပ်ဖွဲ့ဝင်များ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးဒုံးကျည်များ ကျဲချခြင်းတို့ကြောင့် လူပေါင်း ၅၀၀ ကျော်ထက်မနည်း သေဆုံးခဲ့ရသည်။

“အရှေ့ပိုင်း ဂေါတာအရပ်အတွက် စောင့်ဆိုင်းမနေနိုင်ဘူး။ ကမ္ဘာပေါ်က ငရဲကို နိဂုံးချုပ်ဖို့ အရေးကြီးအချိန် ရောက်နေပြီ။”ဟု ဂူတာရပ်စ်က ကောင်စီတွင် ပြောခဲ့သည်။

လူပေါင်း လေးသိန်းနီးပါးမျှ အသက်ရှင်ကာ ဘေးဒုက္ခကြုံနေရနိုင်သည် ခန့်မှန်းသော ဒမတ်စကပ်မြို့တော်မှ ကီလိုမီတာအနည်းငယ်သာ ကွာဝေးသော ပတ်ဝန်းကျင်ရှိ မြို့ငယ်များမှ ထိခိုက်နာမကျန်း ဒဏ်ရာရသူများကို ကယ်တင်ရေးနှင့် အကူအညီများ ပေးပို့ရေးတို့အတွက်လည်း ဂူတာရပ်စ်က ကတိကဝတ်ပြု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က လုံခြုံရေးကောင်စီသည် အပစ်ရပ်ရေးဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သော်လည်း အရှေ့ဂေါတာတွင် ပြင်းထန်သော တိုက်ခိုက်မှုများက မစဲတမ်း ဖြစ်ပွားနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly