မော်ရင်ဟိုနဲ့ကွန်တီဆိုတာ ဘောလုံးလောကမှာ သာမန်မဟုတ်ဘူး

မော်ရင်ဟိုနဲ့ကွန်တီဆိုတာ ဘောလုံးလောကမှာ သာမန်မဟုတ်ဘူး
 

 

မော်ရင်ဟိုနဲ့ကွန်တီဆိုတာ ဘောလုံးလောကမှာ သာမန်ပုဂ္ဂိုလ်တွေမဟုတ်ဘူးလို့ ချယ်လ်ဆီးကို ၂-၁ ဂိုးနဲ့နိုင်တဲ့ပွဲအပြီးမှာ မန်ယူနိုက်တက်နည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ မန်ယူနိုက်တက်နည်းပြမော်ရင်ဟိုရော ချယ်လ်ဆီးနည်းပြကွန်တီကပါ လက်ဆွဲနှုတ်ဆက်တာနဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုခဲ့ကြပါသေးတယ်။

မန်ယူနိုက်တက်ရဲ့အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာကစားတဲ့ဒီပွဲဟာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက်လည်းအရေးပါတဲ့ပွဲတစ်ပွဲဖြစ်ပြီး အသင်းကြီးအချင်းချင်းတွေ့ဆုံနေမှု၊ နည်းပြနှစ်ဦးရဲ့ မသင့်မြတ်မှုတွေကြောင့် စိတ်ဝင်စားစရာပွဲတစ်ပွဲဖြစ်ခဲ့ရပါတယ်။

ဝီလျံရဲ့ဂိုးနဲ့ ချယ်လ်ဆီးအသင်းကဦးဆောင်နိုင်ခဲ့ပေမယ့် မန်ယူနိုက်တက်အတွက် လူကာကူက ချေပဂိုးပြန်သွင်းခဲ့ပြီး လင်ဂတ်က အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ နည်းပြနှစ်ဦးဘာတွေပြောဆိုခဲ့ကြသလဲ ကြည့်လိုက်ကြရအောင်ပါ။

 

မော်ရင်ဟို

ကျွန်တော်တို့အတွက်အရေးကြီးတဲ့ပွဲတစ်ပွဲမှာ အနိုင်ရဖို့အတွက် ဘာမဆိုလုပ်ဖို့ကြိုးစားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ချယ်လ်ဆီးကိုသုံးမှတ်သာနေတဲ့အနေအထားနဲ့ပွဲစခဲ့ပြီး ဒီအနေအထားအတိုင်း ဒါမှမဟုတ် ခြောက်မှတ်အသာနဲ့ ပွဲပြီးသွားဖို့က ကျွန်တော်တို့အတွက် အရေးပါနေလို့ပါ။

လက်ဆွဲနှုတ်ဆက်ဖို့က စကားလုံးတွေမလိုဘူးလို့ထင်ပါတယ်။ ဒါကလူတိုင်းကို ကျွန်တော်နဲ့ကွန်တီတို့ ပြချင်ခဲ့တဲ့အရာပါ။ ပွဲမတိုင်ခင်နဲ့ပွဲအပြီးလက်ဆွဲနှုတ်ဆက်တာက ဘောလုံးမှာလုပ်ရမယ့်အရာနဲ့ အပြန်အလှန်လေးစားမှုရှိကြဖို့ပါ။

မော်ရင်ဟိုနဲ့ကွန်တီဆိုတာက ဘောလုံးလောကမှာ သာမန်လူတွေမဟုတ်ပါဘူး။ သမိုင်းအစဉ်အလာရှိကြတယ်။ ပုံရိပ်ရှိကြတယ်။ ဒီအတွက်လည်း တကယ်ဝမ်းသာပါတယ်။

ကွန်တီ

ကျွန်တော်တို့သုံးမှတ်ရခဲ့သင့်ပါတယ်။ ဒါကချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက်ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ဒါပေမဲ့အဆုံးသတ်မှာ တော့ ကျွန်တော်တို့ဟာရှုံးပွဲတစ်ပွဲအကြောင်းထပ်ပြောနေရပြီး တကယ်ကိုစိတ်ပျက်စရာပါ။

ဘာကြောင့်လဲဆိုတော့ ဒီလိုပွဲမျိုး အခြေအနေမျိုးကိုကောင်းကောင်းကိုင်တွယ်ကျော်ဖြတ်ပြီး သုံးမှတ်ရယူတဲ့အတွေ့အကြုံရယူ ရမယ့်အစား ရှုံးသွားတဲ့အကြောင်းကိုပဲ ပြောနေရလို့ပါပဲ။

ထပ်မမေးပါနဲ့တော့ ခင်ဗျားတို့မြင်ချင်တဲ့လက်ဆွဲနှုတ်ဆက်တာကို ကျွန်တော်တို့လုပ်ခဲ့ပြီးပြီလေ။ တော်ပါတော့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly