သမ္မတရှီကျင့်ဖျင် ရာထူး၌ အကန့်အသတ်မရှိ ဆက်ရှိနေစေရေး တရုတ်ကွန်မြူနစ်ပါတီ ကြိုးပမ်း

သမ္မတရှီကျင့်ဖျင် ရာထူး၌ အကန့်အသတ်မရှိ ဆက်ရှိနေစေရေး တရုတ်ကွန်မြူနစ်ပါတီ ကြိုးပမ်း

ဖေဖော်ဝါရီ ၂၆ ။            ။ တရုတ်သမ္မတတစ်ဦး၏ ရာထူးသက်တမ်းနှင့် ပတ်သက်၍ ဖွဲ့စည်းပုံဥပဒေပါ ကန့်သတ်ချက်များကို ဖယ်ရှားရန် အာဏာရကွန်မြူနစ်ပါတီဘက်က အဆိုပြုလာခဲ့ပြီးနောက် ယခုအခါ လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် ၎င်း၏ ရာထူးကို အကန့်အသတ်မရှိ ဆွဲကိုင်ထားနိုင်မည့် လမ်းစပေါ်လာခဲ့ပြီ ဖြစ်သည်။

ဆယ်စုနှစ်များစွာအတွင်း တရုတ်၏ အာဏာအရှိဆုံး ခေါင်းဆောင်ဖြစ်သော ရှီအနေဖြင့် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က သမ္မတတာဝန်ကို စတင်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကာ မကြာမီ ၎င်း၏ ငါးနှစ်တာ ပထမသက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည်။

တရုတ်ဖွဲ့စည်းပုံဥပဒေအရ သမ္မတတစ်ဦးအနေဖြင့် ငါးနှစ်သက်တမ်း နှစ်ခု (ဆယ်နှစ်) တာဝန်ထမ်းပြီးပါက ရာထူးမှ နှုတ်ထွက်ရမည်ဖြစ်သည်။

ရှီအနေဖြင့် ၎င်း၏ ဒုတိယသက်တမ်းအတွက်လည်း မကြာမီ ဆက်လက်ရွေးချယ်ခံသွားမည်ဖြစ်ပြီး လက်ရှိစနစ်အရမူ လာမယ့် ၂၀၂၃ တွင် ၎င်းအနေဖြင့် သမ္မတရာထူးမှ မဖြစ်မနေ ဆင်းပေးရရန် ရှိနေသည်။

သို့သော် ယခုအခါ ကွန်မြူနစ်ပါတီက အဆိုပါ သမ္မတ သက်တမ်းကန့်သတ်ချက်များကို ဖယ်ရှားရန် အဆိုပြုတောင်းဆိုခဲ့ပြီးနောက် သမ္မတ ရှီအနေဖြင့် သမ္မတ တာဝန်ကို အကန့်အသတ်မရှိထမ်းဆောင်သွားရဖွယ် ရှိနေပြီဖြစ်သည်။

ဖွဲ့စည်းပုံတွင် ပြဌာန်းထားသည့် သမ္မတတစ်ဦးလျင် ငါးနှစ်သက်တမ်း နှစ်ကြိမ် ဆက် ထမ်းဆောင်ရမည်ဆိုသည့် အချက်ကို ဖြုတ်ပစ်ရန် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက အဆိုပြုထားလိုက်ပြီ ဖြစ်သည်။

" ကျွန်တော်ထင်ပါတယ်၊ သူက တရုတ်ရဲ့ ဧကရာဇ်တစ်ဦး ဖြစ်လာပါတော့မယ်၊ ၂၁ ရာစုရဲ့ မော်စီတုန်းပေါ့" ဆိုပြီး ဟောင်ကောင်ရှိ တရုတ်တက္ကသိုလ်မှ နိုင်ငံရေးဆိုင်ရာ ပါမောက္ခ ဝီလီ လမ်က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly