တရုတ်ငါးဖမ်းသင်္ဘောအား အာဂျင်တီးနားက လိုက်လံပစ်ခတ်ကာ ဖမ်းဆီးသော်လည်း လွတ်မြောက်

တရုတ်ငါးဖမ်းသင်္ဘောအား အာဂျင်တီးနားက လိုက်လံပစ်ခတ်ကာ ဖမ်းဆီးသော်လည်း လွတ်မြောက်

အာဂျင်တီးနားနိုင်ငံ၏ အထူးစီးပွားရေးဇုန်ရေပြင်အတွင်း ခုတ်မောင်းနေသော တရုတ်ငါးဖမ်းသင်္ဘောတစ်စီးနောက် အာဂျင်တီးနား ကမ်းခြေစောင့်တပ်ဖွဲ့က လိုက်လံဖမ်းဆီးသည့် ဗီဒီယိုတစ်ရပ်အား အာဂျင်တီးနား လုံခြုံရေးဝန်ကြီးဌာနက ထုတ်လွှင့်ခဲ့သည်။

တောင်အတ္တလန္တိတ်ပင်လယ်ပြင်အတွင်း ဖြစ်ပွားသော အဆိုပါ ခိုးဝင်တရုတ်ငါးဖမ်းသင်္ဘောအား လိုက်လံဖမ်းဆီးမှု စစ်ဆင်ရေးသည် ဖေဖော်ဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ လိုက်လံဖမ်းဆီးရာတွင် အာဂျင်တီးနားက လေယာဉ်တစ်စီးနှင့် ကင်းလှည့်သင်္ဘောတို့ဖြင့် လိုက်လံဖမ်းဆီးခြင်း ဖြစ်သည်။

Mantilla ကင်းလှည့်သင်္ဘောမှ တရုတ်ငါးဖမ်းသင်္ဘောနောက် လိုက်လံဖမ်းဆီးစဉ် တစ်အုပ်စုတည်းမှ ဖြစ်သည့် အခြားသော ငါးဖမ်းသင်္ဘော လေးစင်းက ကင်းလှည့်ယာဉ်ကို ကြားဝင်နှောင့်ယှက်ခုတ်မောင်းလာကြောင်း၊ ယင်းသို့ ရေပြင်တွင် ခိုးဝင်ငါးဖမ်းသင်္ဘောများ၏ နှောင့်ယှက်ခုတ်မောင်းမှုများသည် အာဂျင်တီးနား ကင်လှည့်သင်္ဘောပေါ်မှ တပ်ဖွဲ့ဝင်များအတွက် အသက်အန္တရာယ်နှင့် နီးရသည်အထိ ဖြစ်စေကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့မှ ထုတ်ပြန်သည့် သတင်းအချက်အလက်အရ သိရသည်။

အာဂျင်တီးနား ကင်းလှည့်သင်္ဘောမှ စက်သေနတ်များဖြင့် လှမ်း၍ ပစ်ခတ်သော်လည်း တရုတ်ငါးဖမ်းသင်္ဘောမှာ ရပ်တန့်ခြင်း မရှိဘဲ ကမ်းခြေစောင့်တပ်ဖွဲ့၏ အမိန့်ကိုလည်း မလိုက်နာကြောင်း သတင်းတွင် ဖော်ပြသည်။

ရှစ်နာရီကြာမျှ ထိုတရုတ်ငါးဖမ်းသင်္ဘောနောက်သို့ လိုက်လံခဲ့ရာမှ ဆိုးဝါးသည့် ရာသီဥတုအခြေအနေကြောင့် အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုလိုက်လံမှုကို ရပ်တန့်ခိုင်းခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly