အင်္ဂလန်နိုင်ငံ လက်စတာမြို့၌ ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၆ဦး ဒဏ်ရာရရှိ

အင်္ဂလန်နိုင်ငံ လက်စတာမြို့၌ ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၆ဦး ဒဏ်ရာရရှိ

 

လန်ဒန်၊ ယူကေ၊ ဖေဖေါ်ဝါရီ ၂၆ ။            ။ အင်္ဂလန်နိုင်ငံ လက်စတာမြို့၌ တနင်္ဂနွေနေ့ညနေပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် အဆောက်အဦး တစ်လုံး ပြိုကျပျက်စီးခဲ့ပြီး လူပေါင်း ၆ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ နှစ်ဦးမှာဒဏ်ရာပြင်းထန်ကြောင်း တာဝန်ရှိသူ များက ပြောခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းအရင်းကို ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ပြီး ယင်းပေါက်ကွဲမှုကြောင့် အခင်းဖြစ် ပွားရာနေရာ၌ ချက်ချင်းဆိုသလို မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ သို့သော်လည်း ယင်းဖြစ် စဉ်မှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုမဟုတ်ကြောင်း ရဲတပ်ဖွဲ့က ခိုင်မာစွာပြောဆိုခဲ့သည်။

လက်စတာရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ ပေါက်ကွဲမှုသည် ဟင်ခလေလမ်းမကြီးပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသလို တွစ်တာပေါ်၌ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲတွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် လောင်ကျွမ်းနေသောမီးကို ငြိမ်းသတ်နိုင်ရန် ကြိုးပမ်းနေကြောင်းနှင့် ယင်းဖြစ်စဉ်နှင့်ပက်သက်၍ မီးသတ်ဌာန နှင့်အတူ ပူးပေါင်းစုံစမ်းသွားမည်ဟု ဖော်ပြထားသည်။

ဒါ့အပြင် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ်တွင် ပြည်သူများအနေဖြင့် ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပက်သက်၍ ခန့်မှန်း ချက်အမျိုးမျိုး မထုတ်ရန် အာဏာပိုင်များက မေတ္တာရပ်ခံထားသည်။

ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်ကား ၆ စီး စေလွှတ်ထားကြောင်းနှင့် အနံ့ခံခွေးများကိုအသုံးပြု၍ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို   ဆောင်ရွက်နေသည်ဟု ပြောဆိုထား ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

“ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပက်သက်လို့ ရဲတပ်ဖွဲ့နဲ့ လက်စတာမီးသတ်ဌာနတို့ဟာ ပူးပေါင်းစုံစမ်းမှုတွေ ပြုလုပ်သွား မှာပါ။ မီဒီယာများနဲ့ အများပြည်သူတို့ကို မေတ္တာရပ်ခံချင်တာကတော့ ပေါက်ကွဲမှုနဲ့ပက်သက်လို့ ခန့်မှန်းချက် အမျိုးမျိုးမထုတ်ဖို့ပါပဲ။ ဒီပေါက်ကွဲမှုဟာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပက်သက်ခြင်းမရှိပါဘူး” ဟု ဒေသခံ ရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly