ပြည်မြို့ပရဟိတပုံရိပ်ပွဲတော်တွင် ဗေဒင်ဟောခန်းများ ဖွင့်လှစ်ရန်ပုံငွေရှာ

ပြည်မြို့ပရဟိတပုံရိပ်ပွဲတော်တွင် ဗေဒင်ဟောခန်းများ ဖွင့်လှစ်ရန်ပုံငွေရှာ

ဖေဖော်ဝါရီ ၂၅ ။           ။ ပဲခူးတိုင်း၊ ပြည်ခရိုင် ပြည်မြို့ခေတ္တရာမြို့တော်ခန်းမတွင် ဖေဖော်ဝါရီ၂၄ ရက်က  ပရဟိတပုံရိပ်ပွဲတော်တစ်ခု ပြုလုပ်ခဲ့ပြီး ဗေဒင်ပညာရှင်များက အခမဲ့ဗေဒင်ဟောခန်းများ ဖွင့်လှစ်ကာ အလှူခံခြင်းဖြင့် ရန်ပုံငွေ ရှာပေးခဲ့ သည်။

"ဗေဒင်ဟောခန်းဖွင့်တာက ရတဲ့ ဉာဏ်ပူဇော်ခတွေ အားလုံးကို ဘုန်းကြီးကျောင်းအမိုးအကာပြင်တဲ့ နေရာတွေ မှာ သုံးမယ်" ဟု ပွဲစီစဉ်သူ စာရေးဆရာ ၊ ဗေဒင်ပညာရှင် ဆရာခန့်ကျော်စွာက ပြောသည်။

ပရဟိတပုံရိပ်ပွဲတော်တွင်  စာပေဟောပြောပွဲ ၊သိုင်းစွမ်းရည်ပြပွဲ ၊  တေးဂီတဖျော်ဖြေရေး အစီအစဉ်များ ပါဝင်ပြီး ကာတွန်း ၊ ပန်းချီ ၊ ကဗျာ ပြခန်းများ ၊ စာအုပ် နှင့် အခြားဈေးအရောင်းဆိုင်ခန်းများကိုလည်း ဖွင့်လှစ်ခင်းကျင်းပြသခဲ့သည်။

၎င်းပွဲတွင် ဆရာမင်းသိင်္ခ ၏ မှော်ဘီ မရမ်းတလင်းအယူတော်မင်္ဂလာယတြာအောင်မြေမှ ဆရာ/ဆရာမ များ နှင့် အခြားပရဟိတ စိတ်ရှိသူ ဗေဒင်ဆရာများ စုစုပေါင်း ၁၄ ဦး  လာရောက်ဟောကြားခဲ့သည်။

ဗေဒင်ဟော ဉာဏ်ပူဇော်ခ မှာအခမဲ့ဖြစ်ပြီး လာရောက်မေးမြန်းသူများထံမှအလှူ ခံခဲ့ရာ ငွေကျပ် နှစ်သိန်း ခြောက်သောင်းကျော် ရံပုံငွေရရှိခဲ့ကြောင်း သိရသည်။

ဗေဒင်လာမေးသူအများစုမှာ အိမ်ထောင်ရေး အချစ်ရေး နှင့်ပါတ်သတ်သည့်အကြောင်းအရာ များဖြစ်ကြပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ရန် ယတြာတောင်းသူများ လည်းရှိသည်ဟု ဗေဒင်ပညာရှင် ဆရာ ကောင်းစည်သူဟိန်း ကပြောသည်။

"ဆယ်တန်းစာမေးပွဲလည်းနီးနေတော့ ဆယ်တန်းရဲ့ကကြမ္မာအောင်ဖို့ အတွက် ကလေးတွေကလည်း အားကိုးအားထားနဲ့ ကျွန်တော်တို့ဆီကို ယတြာတွေ လာတောင်း ပါတယ်။ အဲဒီတော့ အဘထားခဲ့တဲ့ ကမ္ဘီရ ယတြာကို သူ့နည်းသူ့ဗျူဟာနဲ့ ပေါ့လေ ။ကျွန်တော်တို့ ဒီပွဲမှာ ကလေးတွေကို ကူညီပြီးပေးခဲ့ပါတယ်"ဟု ၎င်းက ဆိုသည်။

ဗေဒင်ရွာတွင် ဗေဒင်မေး ယတြာတောင်း မှု များအပြင် ကလေးနာမည်ပေးကင်ပွန်းတပ်ခြင်းများကိုလည်း ပြု လုပ်ခဲ့သည်။

ကလေး နာမည် လာရောက် မေးသူအမျိုးသမီးတစ်ဦးက "ကိုယ်ဟာကိုယ် နာမည်ပေးရင် နေ့တွေ နံတွေ နဲ့မကိုက်ဘူးလေ။ ဒီမှာလာမေးတော့အားလုံးအဆင်ပြေတာပေါ့"ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly