အိပ်ပျော်နေသည့် ဖန်နဂါး

အိပ်ပျော်နေသည့် ဖန်နဂါး

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ယောဂီလမ်းထဲမှ ၄.၆ ဧက ကျယ်ဝန်းသည့် ခြံဝင်းတစ်ခု၏ တောလမ်းတစ်ခုထဲတွင် အခွင့်မရှိမဝင်ရဟု စာတမ်းချိတ်ဆွဲထားသည့် ထိုနေရာမှတောလမ်းကဲ့သို့ လမ်းလေးအတိုင်း လှမ်းကြည့်လိုက်လျှင် လမ်းတစ်လျှောက်စုပုံထားသည့် ရောင်စုံဖန်ထည်ပစ္စည်းမျိုးစုံကို တွေ့နိုင်သည်။ တချို့ဖန်ထည်များမှာ ကျိုးပဲ့နေပြီး တချို့မှာ ဖုန်တက်နေသည်။ သို့သော် ကြိုက်နှစ်သက်သည့် ဖန်ထည်များကို စိတ်ကြိုက်ရှာဖွေနိုင်ကာ ပိုင်ရှင်ထံမှ ဝယ်ယူသွားနိုင်သေးသည်။ ၎င်းပစ္စည်းများအားလုံးမှာ စက်ဖြင့်မဟုတ်ဘဲ လက်ဖြင့်ပြုလုပ်ထားသည့် လွန်ခဲ့သည့် နှစ်ပေါင်း၁၀ နှစ် နှင့် ၅၀နှစ်ကြားမှ လက်လုပ်ဖန်ထည်ပစ္စည်းများဖြစ်ကြသည်။ ဤနေရာကို သဘာဝဂိုဒေါင်ဟူ၍ ပိုင်ရှင်မိသားစုက အမည်ပေးထားသည်။

"ဂိုဒေါင်ကြီးတွေမရှိတော့ ဒီတိုင်းပဲထားတာကို ဘယ်လိုခေါ်လိုက်လဲဆိုတော့ Natural Warehouse(သဘာဝဂိုထောင်) လို့ခေါ်လိုက်တော့ နိုင်ငံခြားသားတွေကသဘောကျတယ်"ဟု နဂါးဖန်ချက်စက်ရုံမှ မိသားစုဝင် ဦးသိန်းဇော်က ပြောပြသည်။

ထိုကဲ့သို့ တန်ဖိုးထားရသည့်လက်လုပ်ဖန်ထည်များကို တောလမ်းကလေးထဲစုပုံထားရခြင်းကြောင့် ကျိုးပဲ့ပျက်စီးမည်ကိုစိုးရိမ် ရသော်လည်း သိမ်းဆည်းရန်ဂိုဒေါင်မရှိတော့၍ ရွေးချယ်ရန်မရှိကြောင်း ဦးသိန်းဇော်ကဆိုသည်။

၁၉၅၂ ခုနှစ်၌ ခြံအမှတ် ၁၅၂ တွင် နဂါးဖန်ချက်စက်ရုံကို စတင်တည်ထောင်ခဲ့သည်။ အဆိုပါစက်ရုံမှ လူသုံး၊ စက်ရုံသုံး၊ ဆေးဘက်ဆိုင်ရာသုံးနှင့် ကျောင်းသုံးဖန်ထည်ပစ္စည်းများကို ထုတ်လုပ်ခဲ့သည်။ စားသောက်ဆိုင်များ၊ ဟိုတယ်များမှ သီးသန့်မှာယူသည့်ဖန်ထည်များကိုလည်း ထုတ်လုပ်ခဲ့သည်။ နိုင်ငံခြားမှဖန်ထည်ပညာရှင်များကလည်း ထိုဖန်ချက်စက်ရုံသို့ လာရောက်လေ့လာကြသည်။ သို့သော် နဂါးဖန်ချက်စက်ရုံ၏ အပြောင်းအလဲကြီးတစ်ခုသည် စက်ရုံသက်တမ်း ၅၅နှစ်အကြာတွင် ပေါ်ပေါက်လာခဲ့သည်။

"၂၀၀၇ ခုနှစ်မှာပိတ်လိုက်ရတယ် ဘာဖြစ်လို့လဲဆိုတော့ ဦးတို့ကသဘာဝဓာတ်ငွေ့နဲ့လည်ပတ်တယ်ကွဲ့ ၊ အဲဒီသဘာဝ ဓာတ်ငွေ့ဈေးနူန်းက ၂၀၀၇ ခုနှစ်မှာ အဆသုံးဆယ်ကျော်လောက်တက်သွားတယ် ။ အဲဒီတော့ဦးတို့ကဘယ်လိုမှမလိုက်နိုင် တော့ဘဲ ပိတ်လိုက်ရတယ်ပေါ့ကွယ်။ ပိတ်လိုက်ပြီးနောက်နှစ် နာဂစ်ကျတော့အကုန်လုံးစက်ရုံပါပြိုသွားရော၊ နာဂစ်ကြောင့် အဲဒီလိုဖြစ်သွားတာ"ဟု ဦးသိန်းဇော်က ပြောသည်။

"တချို့လူတွေက အရက်သောက်ချင်တယ် ဖန်ဗူးလေးလိုချင်တယ် အဲဒီဖန်ဗူးလေးကအရက်ထည့်တဲ့အခါမှာ ၊ အရက်နဲ့ရေနဲ့လည်း မရောရဘူး ၊ အရက်က အေးလည်းအေးရမယ်ဆိုတဲ့ ဖန်ဗူးကိုလိုချင်တယ်ဆိုပြောတော့ ဦးတို့ကဒါလေးလုပ်ကြတယ် ။ ဒီထဲမှာရေခဲကိုချေပြီးတော့သိပ်ထည့်ထားတယ် ၊ ဒီထဲမှာအရက်ထည့်တယ် ၊ ရေခဲနဲ့အရက်မရောဘဲနဲ့ အေးအေးလေး သောက်လို့ရတယ် ။ အဲဒါကိုလူတိုင်းကကြိုက်တယ် နိုင်ငံတကာကလူတွေဆိုရင်ပိုကြိုက်ကြတယ်လေ။ အဲဒါ Wine Cooler လို့ခေါ်တာပေါ့လေ ၊ နောက် ၁၉ရာစုကနေ ၂၀ရာစုနှစ်ကိုပြောင်းတုန်းက ဒီအရက်ခွက်ကလေးကိုဖန်တီးလိုက်တာပေါ့ လူတစ်ယောက်ဟာ ၁၉၉၉ ဒီဇင်ဘာ ၃၁ရက် ၁၂နာရီအထိ ဒီဘက်ကိုသောက် ၁၂နာရီကျော်တာနဲ့ Y2k ၂၀၀၀ ခုနှစ်ကိုကြိုဆိုဖို့ Special(အထူး)လုပ်ထားတာ" ဟု ဖန်ရေတကောင်းထဲတွင် ရေခဲထည့်ရန် နောက်ထပ်ရေတကာင်းသေးသေးလေးထည့်သွင်းပြု လုပ်ထားသည့် Wine Cooler ကို ကိုင်ပြီး ပြောသည် ။

-

"ဦးတို့က ဒီလမ်းကလေးပေါ်က ဖန်ထည်တွေကို ရေဆေးပြီးရောင်းတာ။ ဒီအဆောက်အအုံကြီးပါပြိုသွားတော့လည်း ဦးတို့ကဒီအဆောက်အအုံကိုပြန်ဆောက်လိုက်ရတယ် ၊ဘာလို့လည်းဆိုတော့ ဟိုဘက်မှာအချောညှိတဲ့စက်ရှိနေလို့ ကျန်တဲ့အဆောက်အအုံကြီးတွေကျတော့ မပြင်နိုင်တော့ဘူး ။ ဟိုဘက်မှာခုနပြောတဲ့ ဖန်ရည်ကြိုတဲ့ဖိုကြီးတွေရှိ တယ်..ဒီမှာအကုန်လုံးပါးစပ်နဲ့လေမှုတ် ၊ ဒီပတ်ဝန်းကျင်မှာချက်ချင်းပြီးတဲ့ဟာတွေကို ဒီလိုနှပ်ဖိုဆိုတဲ့ဖိုထဲမှာ အပူချိန်နိမ့်နိမ့် ၅၀၀ ဒီဂရီစင်တီဂရိတ်နဲ့နှပ်ထားရတယ် ၊ နောက်ပြီးတော့မှ အအေးခံ ၊ နှစ်ရက်ကြာမှ အဲဒီပစ္စည်းတွေထုတ် ၊ ထုတ်ပြီးတော့အချောညှိ တာ ။ သူတို့ရဲ့လုပ်ငန်းစဉ်ကအဲဒီလို..ဖန်ခွက်လုပ်လို့ရတဲ့ဟာလေးတွေလေ ၊ဒီနေရာလေးတွေဖြတ်လိုက်ရင်ဖန်ခွက် အရှည်လေးတွေဖြစ်သွားတာပေါ့လေ ၊ ပုံစံခွက်ထဲထည့်ရင် ခမောက်လိုဦးထုတ်လေးတွေပါရတယ်..ပုံစံခွက်ထဲမှာထည့်မှုတ်တော့ အပေါ်ကအပေါက်ကလေးလိုပါရတယ် ၊ ပုံစံခွက်ကြောင့်ပါ ၊ ဒါကတော့ခေါင်းတိုင်ကြီး ၊ ဒီအောက်မှာမီးလိုင်း ဖိုနှစ်ခု အတွက် မီးလိုင်း" ဆိုပြီးစကားတပြောပြောဖြင့် ဖန်ထည်ပြုလုပ်ပုံ အဆင့်ဆင့်ကို ပြောသွားသည် ။

ဖန်ထည်ချက်လုပ်ရာတွင်လည်း တနင်္သာရီတိုင်းမှသဲများကိုမှာယူကာ အခြောက်ခံကြိုချက်ရသည်ဟု ၎င်းကဆိုသည်။ ထို့အပြင် ၎င်းတို့ပြုလုပ်သည်များအားလုံးသည် မြေကြီးမှထွက်သည့် သဲ၊ သဘာဝဓာတ်ငွေ့ စသည့်အရင်းအမြစ်များကိုအခြေခံထားသည် ဟု ဖခင်ဖြစ်သူ၏ဆောင်ပုဒ်ဖြစ်သော "မြေကြီးမှရွှေသီး"ဟူသည့် ပန်းချီကားကို ဦးသိန်းဇော်က လက်ညိုးညွှန်ပြလျက်ပြောသည်။

နဂါးဖန်ချက်စက်ရုံကို ၂၀၀၇ ခုနှစ်မှာပိတ်ထားခဲ့ပြီး လက်ရှိအချိန်တွင် ဆယ်စုနှစ်တစ်စုစာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ နောက်ပိုင်း ကာလတွင် ဖန်ချက်စက်ရုံမှ မိသားစုပညာရှင်များ ဆုံးပါးသွားခဲ့ကြသည်။ သို့သော် ဖန်ချက်လုပ်ငန်းကိုပြန်လည် လုပ်ကိုင်လို သည့်စိတ် ဦးသိန်းဇော်တွင် ကျန်ရှိနေသေးသည်။

"လုပ်ချင်တဲ့စိတ်ကတော့ရှိနေတယ် ဒါပေမယ့်လုပ်ဖို့အချိန်ကလည်းအခုထိအခြေအနေမပေးသေးဘူးဆိုတော့ နောက်အချိန်ကြာ လာတာနဲ့အမျှ Techinician တွေကတဖြည်းဖြည်းနည်းပါးသွားပြီး လုံးဝလုပ်ဖြစ်မှာတော့မဟုတ်တော့ပါဘူး။ ကြည့်ရတာ"ဟု နဂါးဖန်ချက်စက်ရုံမိသားစုဝင် ဦးသိန်းဇော်က မုန်တိုင်းဒဏ်ကြောင့် ပြိုလဲသွားသည့်အဆောက်အဦကြားတွင်ပြောဆိုရင်း အဝေးတစ်နေရာသို့မျက်နှာလွှဲလိုက်သည်။

သဘာဝဓာတ်ငွေ့အခက်အခဲကြောင့် ပိတ်သိမ်းခဲ့ရသည့်စက်ရုံကို နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည် လည်ပတ်နိုင်ရန် တစ်ချိန်တွင် ထောက်ပံ့ပေးနိုင်လိမ့်မည်ဟုလည်း ၎င်းကဆက်လက်မျှော်လင့်နေသည်။ နှစ်ပေါင်း ၅၅ နှစ် အချိန်ကာလ သက်တမ်းရှိနေသည့် နဂါးဖန်ချက်စက်ရုံသည် စက်ရုံ၏ပုံပန်းသဏ္ဍာန် မပီပြင်တော့သော်လည်း တောလမ်းထဲမှဖန်ထည်များကို စိတ်ဝင်စား၍ လာရောက်လေ့လာသူများလည်းရှိနေသေးသည်။   ။

မျိုးပြည့်သင်း

 

Mizzima Weekly