ရေဘေးအတွက် ADB က ကန်ဒေါ်လာ ၃ သန်းကူမည်

ရေဘေးအတွက် ADB က ကန်ဒေါ်လာ ၃ သန်းကူမည်
ဧရာဝတီတိုင်းအတွင်း ငါးသိုင်းချောင်းမြို့အတွင်းရှိ ကျေးရွာတစ်ခု ရေကြီးနစ်မြုပ်နေစဉ်။ (ဓာတ်ပုံ-စည်သူမောင်မောင်)

မြန်မာနိုင်ငံ ရေလွှမ်းမှုဒဏ်ခံစားနေရသည့် ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် အာရှဖွံ့ဖြိုးရေးဘဏ် ADB က အမေရိကန်ဒေါ်လာ ၃ သန်း ကူညီသွားမည်ဖြစ်သည်။

ဘေးသင့်ဒေသမှ ပြည်သူများအတွက် အဓိကလိုအပ်ချက်များနှင့် အသက်ကယ်ဆယ်ရေး အရေးပေါ်ဝန်ဆောင်မှုများ အတွက် ADB ၏ အာရှ-ပစိဖိတ်သဘာဝဘေးတုန့်ပြန်ဆောင်ရွက်ရေးရန်ပုံငွေမှ သုံးစွဲသွားမည်ဟု ADB က သြဂုတ် ၂၅ တွင်ထုတ်ပြန်သည်။

ADB ၏ လက်ရှိမြန်မာနိုင်ငံအတွင်းဆောင်ရွက်နေသည့် လုပ်ငန်းများကို ပြင်ဆင်ခြင်းနှင့် နောက်ထပ်ရရှိမည့် ဘဏ္ဍာရင်းမြစ်တို့ကို အခြေခံ၍ ရေဘေးကြောင့် ပြန်လည်ထူထောင်ရာတွင် ထိခိုက်ပျက်စီးရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် အခြေခံအဆောက်အဦများအတွက် ကူညီနိုင်ရန်လည်း စဉ်းစားမည်ဖြစ်သည်။

နိုင်ငံတော်အဆင့်နှင့် တိုင်း/ပြည်နယ်အဆင့်များ၏ ပျက်စီးဆုံးရှုံးမှုနှင့် လိုအပ်ချက် ဆန်းစစ်မှုများအပေါ်အခြေခံ၍ ADB ကထောက်ပံ့ရာတွင် ဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။

"အခုလို အခက်အခဲအကျပ်အတည်းအခြေအနေမှာ ADB အနေနဲ့ ကူညီသွားမှာပါ။ ကယ်ဆယ်ရေးနဲ့ ကနဦးပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ရေရှည်အစီအမံတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။" ဟု ADB ဥက္ကဌ တာခဲဟိကို နာကာအို ကပြောသည်။

တိုင်းဒေသကြီး တစ်ခုနှင့် ပြည်နယ် နှစ်ခုမှလွဲ၍ တစ်နိုင်ငံလုံးဖြစ်ပွားခဲ့သည့်အတွက် လူဦးရေ တစ်သန်း ခြောက်သိန်း နှစ်သောင်း ကိုးထောင်ကျော် ရေကြီးနစ်မြုပ်မှုဒဏ်ခံနေရပြီး လူ ၁၂၁ ဦးသေဆုံးသည်ဟု သြဂုတ် ၂၄ ရက် အစိုးရ စာရင်းက ဖော်ပြသည်။ သဘာဝဘေးကြောင့် လယ်ယာများ၊ ကာလမ်း၊ ရထားလမ်းနှင့် တံတားများစွာပျက်စီးခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် ADB သည် အာရှနှင့် ပစိဖိတ်ဒေသအတွင်း ဆင်းရဲမှုလျော့ကျရေးအတွက် စီးပွားရေးဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်မထိခိုက်စေဘဲ ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ဦးတည်ချက်ဖြင့် ဆောင်ရွက်နေသည်။

၁၉၆၆ ခုတွင် စတင်ထူထောင်ခဲ့သော ADB ကို ပိုင်ဆိုင်သည့် အဖွဲ့ဝင် ၆၇ နိုင်ငံအနက် အဖွဲ့ဝင် ၄၈ နိုင်ငံမှာ အာရှ-ပစိဖိတ် ဒေသမှဖြစ်သည်။ ၂၀၁၄ ခု ပံ့ပိုးဆောင်ရွက်မှု ပမာဏမှာ မိတ်ဘက်အဖွဲ့အစည်းများ၏ ပူးတွဲငွေကြေးထည့်ဝင်မှု ကန်ဒေါ်လာ ၉ ဒဿမ ၂ ဘီလီယံအပါအဝင် ၂၂ ဒဿမ ၉ ဘီလီယံရှိကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly