ဖေဖော်ဝါရီ ၂၂ ။ ။ ပနားမားနိုင်ငံရဲ့ မြို့တော် ပနားမားစီးတီးမှာ ပြီးခဲ့ဲတဲ့ ဖေဖော်ဝါရီ ၂၁ ရက်က ကိုလိုနီခေတ် သမိုင်းဝင် အဆောက်အဦး သုံးခု မီးလောင်ကျွမ်းခံလိုက်ရပြီး ပျက်စီး ဆုံးရှုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။
ယင်းနေ့ မွန်းတည့်ချိန်လောက်က ကာဆာ ဒယ်လ် ဘာကို အမည်ရ အထင်ကရ အဆောက်အအုံတစ်ခုကနေ စတင်လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် အနီးအနားက အခြားအဆောက်အအုံနှစ်ခုပါ ကူးစက်လောင်ကျွမ်းခံလိုက်ရကြောင်း ပနားမားစီးတီး မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။
မီးလောင်မှုက မြန်ဆန်လွန်ခဲ့ကြောင်း၊ အဆောက်အအုံတွေကလည်း ရှေးခေတ် လက်ရာတွေဖြစ်ပြီး သစ်သားနဲ့ တည်ဆောက်ထားတာကြောင့် အချိန်မီ မီးထိန်းနိုင်ခဲ့ခြင်း မရှိကြောင်း မီးသတ်ဌာန အကြီးအကဲ ဂျေမီ ဗီလာက ပြောသွားပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့သော်လည်း သမိုင်းဝင် အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်ကျွမ်းရခြင်းရဲ့ အကြောင်းရင်းကို ယခုထက်ထိ တိတိကျကျ မသိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲလို့ အာဏာပိုင်တွေက ပြောပါတယ်။
အဆိုပါ ပနားမား ကိုလိုနီခေတ် အဆောက်အအုံဟာ ကာလကြာ လျစ်လျူရှုခံထားခဲ့ရပြီးမှ လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်ကျမှ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ကုလသမဂ္ဂက ထုတ်ပြန်ကြေညာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။