မန ္တလေး ဖေဖေါ်ဝါရီ ၂၀ ။ ။ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေးအတွက် ထောက်ခံလက်မှတ်များကို တစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ကောလိပ် ကျောင်းအသီးသီးတွင် ကောက်ခံသွားမည်ဟု ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးဦးဆောင်လှုပ်ရှားမှုကော်မတီဝင် ကိုရဲမျိုးဆွေက ပြောသည်။
ထောက်ခံလက်မှတ်များကောက်ခံရာတွင် ကျောင်းသား၊ကျောင်းသူများ၊ဆရာ၊ဆရာမများ အပြင် ပြည်သူလူထု၏ လက်မှတ်များကိုလည်းကောက်ခံသွားမှာဖြစ်သလို အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာဈေးများ၊ လူစည်ကားသည့် နေရာများတွင်လည်း လက်မှတ်များ ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။
ထောက်ခံလက်မှတ်များ ကောက်ခံသွားမည့်အကြောင်းကို ဖေဖော်ဝါရီလ ၂၀ရက်၊မွန်းလွဲ ၃ နာရီက မန္တလေးမြို့၊မီဒီယာစင်တာတွင် ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးဦးဆောင်လှုပ်ရှားမှုကော်မတီက သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားသည်။
"ကျွန်တော်တို့ ပထမ ရတနာပုံကျောင်းထဲမှာ တောင်းဆိုတဲ့အပေါ် ပြည်သူလူထုနဲ့ ကျောင်းသားအချို့ သဘောမကျကြဘူး။ ဝေဖန်မှုတွေရှိတယ်။ ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့ကိုတော့ အကုန်သဘောတူတာကို တွေ့ရတယ်" ဟု ကိုရဲမျိုးဆွေကပြောသည်။
စတင်တောင်းဆိုစဉ်က ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးတိုက်ပွဲကော်မတီကို ကျောင်းသူ၊ကျောင်းသား ၇ ဦးဖြင့်ဖွဲ့စည်းလှုပ်ရှားခဲ့ပြီး ယခုအခါတွင် ၎င်း ၇ ဦးအပါအဝင် ၉ ဦးဖြင့် ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးဦးဆောင်လှုပ်ရှားမှုကော်မတီအဖြစ် အသစ်ဖွဲ့စည်းကာ တောင်းဆိုမှုပုံစံပြောင်းခဲ့ခြင်းဖြစ်သည်ဟု ကိုရဲမျိုးဆွေကဆိုသည်။
ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေးအတွက် ထောက်ခံလက်မှတ်များ ကောက်ခံရန်အတွက် တက္ကသိုလ်၊ကောလိပ် ၂၀ကျော်ကို လက်မှတ်ထိုးရန်စာရွက်များဖြန့်ဝေသွားမှာဖြစ်ပြီး မတ်လ ၁၃ ရက်နောက်ဆုံးထား၍ ထောက်ခံသွားမည်ဟု ကိုရဲမျိုးဆွေကဆိုသည်။
ရရှိလာသည့် ထောက်ခံလက်မှတ်များဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့တွင် ဆွေးနွေးခွင့်ရရှိအောင် ဆောင်ရွက်သွားမည်ဟု ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးဦးဆောင်လှုပ်ရှားမှု ကော်မတီဝင်များက ဆိုသည်။