စစ်သား၄ဦး ဒဏ်ရာရရှိခဲ့သည့် ဖောက်ခွဲမှုအတွက် ဂါဇာဒေသကို အစ္စရေးတို့ လေကြောင်းထိုးစစ်ဆင်

စစ်သား၄ဦး ဒဏ်ရာရရှိခဲ့သည့် ဖောက်ခွဲမှုအတွက် ဂါဇာဒေသကို အစ္စရေးတို့ လေကြောင်းထိုးစစ်ဆင်

ဂါဇာစီးတီး၊ ဖေဖေါ်ဝါရီ ၁၈ ။            ။ ပါလက်စတိုင်းတို့နေထိုင်ရာနယ်စပ်အနီးတွင် ရရာပစ္စည်းများနှင့်ဖန်တီးထားသည့် ဖောက်ခွဲရေးကရိယာတစ်ခု ပေါက်ကွဲခဲ့ပြီး အစ္စရေးစစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးတို့က ဂျက်တိုက်လေယာဉ်များနှင့် လေကြောင်းတိုက်ခိုက်မှု စနေနေ့က ပြုလုပ်ခဲ့သည်။

စနေနေ့အစောပိုင်းတွင်ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအတွင်း အစ္စရေးစစ်သား ၂ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ ပြီး ယင်းတိုက်ခိုက်မှုသည် ၂၀၁၄ ခုနှစ်နောက်ပိုင်း ဟားမက်စ်တို့အုပ်ချုပ်သော နယ်စပ်ဒေသ၌ ဖြစ်ပွားခဲ့သည့် အပြင်းထန်ဆုံး ဖြစ်စဉ်တစ်ခုဖြစ်သည်။

ထိုသို့ပေါက်ကွဲမှုကို လက်တုံ့ပြန်ခြင်းအား အစ္စရေးစစ်တပ်က “အစ္စရေးတိုက်လေယာဉ်တွေဟာ ဟားမက်စ်တို့ ပိုင်ဆိုင်တဲ့ ဂါဇာဒေသက စစ်စခန်း ၆ခုလောက်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်” ဟု ဆိုခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နီတန်ယာဟုက ဂါဇာနယ်စပ်ဒေသ၌ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှာ အလွန်ပြင်းထန်ကြောင်းနှင့် သင့်တော်သလိုလက်တုံ့ပြန်သွားဖို့ လိုအပ်သည်ဟု မြူးနစ်မြို့၌ပြုလုပ်ခဲ့သော လုံခြုံရေးညီလာခံ၌ ပြောဆိုခဲ့သည်။

အစ္စရေးတို့၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမက်စ်တို့ပိုင်ဆိုင်သော စစ်စခန်း ၃ ခုခန့် အထိနာသွားခဲ့ ကြောင်း ပါလက်စတိုင်းလုံခြုံရေးသတင်းများ၌ ဖော်ပြခဲ့သည်။ ဒါ့အပြင် ယင်းသို့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စနေနေ့အစောပိုင်းတွင် ဖြစ်ပွားခဲ့သောပေါက်ကွဲမှုမှာ ခန်ယူနစ်မြို့အရှေ့ပိုင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်း ပါလက်စတိုင်းလုံခြုံရေးသတင်းများက ဆိုခဲ့ပြီး အစ္စရေးစစ်သားတစ်ယောက်မှ အသက်အန္တရာယ်မရှိကြောင်း အစ္စရေးစစ်တပ်က ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly