ငလျင်လှုပ်ခတ်ရာဒေသသို့သွားရောက်သည့် မက္ကစီကိုဝန်ကြီး၏ ရဟတ်ယာဉ်ပျက်ကျ၍ လူ ၁၃ဦးခန့်သေဆုံး

ငလျင်လှုပ်ခတ်ရာဒေသသို့သွားရောက်သည့် မက္ကစီကိုဝန်ကြီး၏ ရဟတ်ယာဉ်ပျက်ကျ၍ လူ ၁၃ဦးခန့်သေဆုံး

မက္ကစီကိုစီးတီး၊ မက္ကစီကို၊ ဖေဖေါ်ဝါရီ ၁၈ ။           ။ မက္ကစီကိုနိုင်ငံတွင် ပြီးခဲ့သော သောကြာနေ့က ပြင်းအား ၇.၂ ပမာဏခန့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ထိုသို့လှုပ်ခတ်ရာဒေသသို့ သွားရောက်ခဲ့သည့် ဝန်ကြီးများ၏ရဟတ်ယာဉ်မှာ မတော်တဆမှုဖြစ်ပွားခဲ့သော ကြောင့် လူပေါင်း ၁၃ ဦးခန့် သေဆုံးခဲ့ရသည်။

UH-60 Black Hawk အမျိုးအစား စစ်သုံးရဟတ်ယာဉ်သည် မြေပြင်ပေါ်သို့ဆင်းသက်စဉ်တွင် အထိန်းအချုပ် လွတ်သွားပြိး ဗင်ကားတစ်စီးနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုရဟတ်ယာဉ်ပေါ်တွင် ပြည်ထဲရေးဝန်ကြီး အယ်လ်ဖွန်ဆိုနာဗာရက်တီနှင့် အောက်စ်ဇာကာပြည်နယ်အုပ်ချုပ် ရေးမှူး အလက်ယန်ဒရိုမူရက်တို့ လိုက်ပါသွားခဲ့ပြီး နှစ်ဦးစလုံးအသက်အန္တရာယ်မရှိကြောင်း သမ္မတအင်းနရစ် ပီနာနီယက်တိုက ဆိုခဲ့သည်။

“ကံမကောင်းစွာနဲ့ပဲ မြေပြင်ပေါ်ကလူအများအပြားဟာ ယင်းမတော်တဆဖြစ်ရပ်ကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး အချို့ကတော့ ဒဏ်ရာများရရှိခဲ့ပါတယ်” ဟု သူက တွစ်တာပေါ်၌ ရေးသားခဲ့သည်။

ထိုဖြစ်ရပ်အတွင်း အမျိုးသမီး ၅ဦး၊ အမျိုးသား ၄ဦးနှင့် ကလေး ၃ ဦးတို့ သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်စဉ်၌ သေဆုံးခဲ့ကြောင်း အောက်စ်ဇာကာအစိုးရရရှေ့နေရုံးက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ဒါ့အပြင် အခြားလူပေါင်း ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။

ရဟတ်ယာဉ်မှူးဖြစ်သူသည် မြေပြင်ပေါ်သို့ ပေ ၁၃၀ အမြင့်မှဆင်းသက်ရန် ကြိုးပမ်းစဉ်တွင် ရဟတ်ယာဉ်ကို  မထိန်းချုပ်နိုင်ခဲ့ပဲ ယခုလိုဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု နာဗာရက်က ဆိုခဲ့သည်။ ဒါ့အပြင်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသူအချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း သူက ဆိုခဲ့သည်။

ယင်းရဟတ်ယာဉ်သည် ငလျင်ဗဟိုချက်နှင့် ၂၂ မိုင်ခန့်ကွာဝေးသော ပင်နိုတီပါဒီဒွန်လုဇ်မြို့ငယ်လေး၌ ထိန်းချုပ်မှုလွတ်သွားပြီး ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့က ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly