မူလနေရပ်ပြန်မည့် ဘင်္ဂါလီအယောက် ၈,၀၀၀ ကျော်ပါ၀င်သည့် အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်က မြန်မာဘက်ကို လွှဲပေး

မူလနေရပ်ပြန်မည့် ဘင်္ဂါလီအယောက် ၈,၀၀၀ ကျော်ပါ၀င်သည့် အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်က မြန်မာဘက်ကို လွှဲပေး

 

ဖေဖော်ဝါရီ ၁၇ ။                  ။ ဘင်္ဂလားဒေ့ရှ်ကနေ မူလနေရပ်ပြန်လာကြမယ့် ဘင်္ဂါလီ ဒုက္ခသည် ၈,၀၃၂ ဦး၏ အမည်စာရင်းများကို ဘင်္ဂလားဒေ့ရှ် အစိုးရဝန်ကြီးတစ်ဦးက ဖေဖော်ဝါရီ ၁၆ ရက်မှာ မြန်မာ ပြည်ထဲရေးဝန်ကြီးထံကို လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက နှစ်နိုင်ငံအကြား ရရှိထားတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ မူလနေရပ်ပြန်ပို့ရေး သဘောတူညီချက်ကို စတင်ဖော်ဆောင်ဖို့အတွက် လုပ်ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။

ယခု ပေးအပ်လိုက်တဲ့ စာရင်းထဲမှာတော့ ဘင်္ဂါလီမိသားစု ၁,၆၇၃ စုက မိသားစုဝင်တွေ ပါဝင်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ပြောပါတယ်။ ဒီစာရင်းထဲမှာ ပါဝင်နေသူတွေရဲ့ အမည်စာရင်းကို ဘယ်လိုမျိုး ရွေးချယ်ခဲ့လဲဆိုတာကိုတော့ ၎င်းက ရှင်းပြသွားခြင်း မရှိပါဘူး။

၎င်းအနေနဲ့ ယခု နေရပ်ပြန်ပို့ခံရမယ့်သူများ စာရင်းကိုတော့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ထံ ပေးအပ်လိုက်တာဖြစ်တယ်လို့ Khan က ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကတော့ ဒုက္ခသည် လွှဲပြောင်းလက်ခံရေးနဲ့ နှစ်နိုင်ငံနယ်စပ်ကိစ္စတစ်ချို့ ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့တော် ဒါကာကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

" မြန်မာဘက်ကလည်း ဒီ နာမည်စာရင်းကို လက်ခံခဲ့ပါတယ်၊ ဒါကို တကယ် လုပ်ဆောင်သွားနိုင်ဖို့ ကျွန်တော်တို့ဆီက အကူအညီကို သူတို့ တောင်းခဲ့တာပါ" ဟု Khan က ပြောပါတယ်။

လာမယ့် အင်္ဂါနေ့မှာတော့ ကနဦးအဆင့်အနေနဲ့ နေရပ်ပြန်ပို့ခံရမယ့် လူပေါင်း ၆,၅၀၀ ကို မြန်မာအစိုးရတာဝန်ရှိသူတွေက ရွေးချယ်သွားမှာဖြစ်တယ်လို့ Khan က ပြောသွားပါတယ်။

ယင်း ဒုက္ခသည် နေရပ်ပြန်ပို့ရေးလုပ်ငန်းကိုတော့ ဘယ်အချိန်မှာ လက်တွေ့စတင်သွားမလဲဆိုတာကိုတော့ ၎င်းက တိတိကျကျ ပြောမသွားပါဘူး။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags