အမေရိကန်က F-22 ဂျက်တိုက်လေယာဉ်များကို ဥရောပတွင် ချထားမည်

အမေရိကန်က F-22 ဂျက်တိုက်လေယာဉ်များကို ဥရောပတွင် ချထားမည်

ဝါရှင်တန်၊ သြဂုတ် ၂၅ ။        ။ ယူကရိန်းတွင် ရုရှား၏ စွက်ဖက်မှုကြောင့် စိုးရိမ်မှုရှိနေသော နေတိုး၏ အရှေ့ဥရောပ အဖွဲ့ဝင်များကို ပိုမိုကျယ်ပြန့်စွာ ထောက်ခံအားပေးသည့် အနေဖြင့် အမေရိကန်သည် ၎င်း၏ F-22 ဂျက်တိုက်လေယာဉ်များကို မကြာမီ ဥရောပတွင် တပ်ဖြန့်ချထားမည်ဟု လေတပ်အတွင်းဝန် ဒီဘိုရာဂျိမ်းက သြဂုတ် ၂၄ တွင် ပြောကြားသည်။

ပို့မည့်လေယာဉ်အရေအတွက်၊ ပို့မည့်အချိန်၊ နေရာတို့နှင့် ပတ်သက်၍ ဂျိမ်းက အသေးစိတ်အချက်များ မပြောကြားခဲ့ပေ။ သို့သော်လည်း ယင်းသို့ပေးပို့မှုမှာ ရုရှားနှင့် အင်အားချိန်ခွင်လျှာမျှတစွာချဉ်းကပ်ရေး ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာ၏ တောင်းဆိုမှုကြောင့်ဟု ၎င်းကပြောသည်။ လော့ခ်ဟိမာတင်ကော်ပိုရေးရှင်းက ထုတ်လုပ်သည့် F-22 ဂျက်တိုက်လေယာဉ်များ ဥရောပသို့ ပထမဆုံးအကြိမ် ချထားခြင်းမှာ ရုရှား၏ စစ်ရေးကျူးကျော်မှုနှင့် ပတ်သက်၍ နေတိုးမဟာမိတ်များကြား စိုးရိမ်မှုကြီးထွားနေခြင်းကို ကိုင်တွယ်ရန် ဖြစ်သည်ဟု ရှုမြင်ကြသည်။

ထို့အပြင် အမေရိကန်လေတပ်သည် အိုင်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်မှုပြုလုပ်ရာတွင်လည်း ရေဒါရှောင်လွှဲနိုင်သော F-22 ဂျက်တိုက်လေယာဉ်များကို အသုံးပြုနေသည်။ ယင်းသို့အသုံးပြုမှုက ယင်းတိုက်လေယာဉ်များကို တိုက်ပွဲတွင် ပထမဆုံးအသုံးပြုခြင်းဖြစ်သည်ဟု ဆိုသည်။

F-22 ဂျက်တိုက်လေယာဉ်များကို ပထမဆုံးဥရောပတွင် ချထားခြင်းက ဥရောပတစ်ဝန်း နေတိုးဖွဲ့ဝင်များနှင့် အမေရိကန်တပ်ဝင်များ အတူလေ့ကျင့်နိုင်သည့်အပြင် ယူရိုဖိုက်တာတိုက်လေယာဉ်များ၊ အခြားအဆင့်မြင့်စစ်လေယာဉ်များနှင့် ဆက်သွယ်ပူးပေါင်းတိုက်ခိုက်ရာတွင် F-22 လေယာဉ်များ၏ စွမ်းရည်ကိုလည်း စမ်းသပ်နိုင်မည်ဖြစ်ကြောင်း လေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာ့ခ်ဝဲ့လ်ရှ်ကပြော သည်။ အမေရိကန်သည် ယခင်ကလည်း ယင်းလေယာဉ်များကို ဂျပန်နှင့် တောင်ကိုရီးယားတွင် ချထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly