ဆန္ဒပြပွဲများကြောင့် အီသီယိုးပီးယားဝန်ကြီးချုပ် ရာထူးမှနှုတ်ထွက်

ဆန္ဒပြပွဲများကြောင့် အီသီယိုးပီးယားဝန်ကြီးချုပ် ရာထူးမှနှုတ်ထွက်

 

အာဒစ်အဘာဘာ၊ အီသီယိုးပီးယား၊ ဖေဖေါ်ဝါရီ ၁၆ ။             ။ အီသီယိုးပီးယားဝန်ကြီးချုပ် ဟိုင်လီမာရီယမ် ဒက်ဆာလန်သည် နိုင်ငံအတွင်း၌အချိန်ကာလအတော်ကြာ အောင်ဖြစ်ပွားနေသော   နိုင်ငံရေးဝရုန်းသုန်းကားအခြေအနေများကြောင့် ရာထူးမှနှုတ်ထွက်ကြောင်း     ကြာသာပတေးနေ့က ကြေညာခဲ့သည်။

နိုင်ငံအား ၂၀၁၂ခုနှစ်ကတည်းက အုပ်ချုပ်နေခဲ့သော ဝန်ကြီးချုပ်ဟိုင်လီမာရီယမ်သည် သူ၏အစိုးရအဖွဲ့အား ဆန့်ကျင်ဆန္ဒပြနေမှုများ အရှိန်မြင့်တက်လာခြင်းနှင့် အစိုးရညွန့်ပေါင်းအဖွဲ့များကြား ခွာပြဲမှုလက္ခဏာများ တိုးပွားလာခြင်းကြောင့် ရာထူးမှနှုတ်ထွက်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

ဟိုင်လီမာရီယမ်က သူသည် အီသီယိုးပီးယားနိုင်ငံ၏ ပြသနာများကိုဖြေရှင်းနိုင်ရန် အထူးကြိုးစားခဲ့ကြောင်းနှင့် သူ၏နှုတ်ထွက်မှုမှာလည်း ဖြေရှင်းနည်းတစ်မျိုးဖြစ်မည်ဟု သူထင်မြင်ကြောင်း ပြောဆိုခဲ့သည်။

“ကျနော်တို့နိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်ထဲကို ရောက်နေတယ်ဆိုတာ ကျနော်တို့သိထားပါတယ်။ ဒါကြောင့် ကျနော်ကိုယ်တိုင်ဟာလည်း ဒီပြောင်းလဲမှုထဲက တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပါ တယ်” ဟု သူက ပြောခဲ့သည်။

အီသီယိုးပီးယားပြည်သူ့တော်လှန်ရေးဒီမိုကရက်တစ်တပ်ဦး (EPRDF) နှင့် အစိုးရအဖွဲ့တို့ဟာ ကျနော်တို့နိုင်ငံ အတွင်းမှာ ထပ်မံပြီးသမိုင်းတွင်သွားအောင် ငြိမ်းချမ်းစွာအသွင်ကူးပြောင်းမှုကို ဦးဆောင်ပြုလုပ်မှာဖြစ်ပါတယ် ဟုလည်း သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

ပါလီမန်နှင့် EPRDF ညွန့်ပေါင်းအဖွဲ့သည် သူ၏ရာထူးမှနှုတ်ထွက်မှုကို အတည်မပြုသေးသ၍ ဟိုင်လီမာရီယမ် သည် အာဏာဆက်လက်ရှိနေဦးမည်ဖြစ်ပြီး သူ၏ရာထူးအား မည်သူကဆက်ခံမည်ကို ရှင်းရှင်းလင်းလင်း မဖြစ်သေးကြောင်း သိရသည်။

ဟိုင်လီမာရီယမ်၏ ရုတ်တရက်အံ့သြသင့်စရာ ကြေညာချက်ကြောင့် အီသီယိုးပီးယားမြို့တော် အာဒစ်အဘာဘာမြို့မှ လမ်းမများပေါ်ရှိ ဆန္ဒပြပွဲများ ငြိမ်သက်သွားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly